ရွှေပြည်သာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ရန် ကွင်းဆင်းဆောင်ရွက်

ရွှေပြည်သာ  အောက်တိုဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမင်းသူအောင်နှင့်ဝန်ထမ်းများက ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို မေလပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်(၉)နာရီအချိန်က မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၏ လမ်းညွှန်မှုဖြင့် အမှတ်(၁၄)ရပ်ကွက်တွင် စာရင်းများ ကောက်ယူခြင်းနှင့် အမှတ်(၁) ရပ်ကွက် တွင်  အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆက်လက်ပြုလုပ်ပေးရန် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့စာရင်းကောက်ယူရာတွင် ပန်းခင်းစီမံချက်ဆောင်ရွက်ရာ၌ လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍  အိမ်ထောင်စု လူဦးရေစာရင်း ရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိ ဇာတိဒေသတွင်  အမြဲတမ်း နေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသ တွင်လည်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများ အား ဆောင်ရွက်ပေးခြင်း နည်းလမ်းများဖြင့် (၄.၁၁.၂၀၀၄) ရက်နေ့မတိုင်မီ မွေးဖွားသူများနှင့် ကိုင်ဆောင်လက်မှတ် မရှိသောသူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမင်းသူအောင်က ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် စာရင်းများ ကောက်ယူ ခြင်းကို မြို့နယ်အတွင်းရှိ ကျန်ရှိနေသော ရပ်ကွက်၊ ကျေးရွာများတွင်လည်း ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရသည်။

အေးမိုး(ပြန်/ဆက်)