တုံတာ အောက်တိုဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ (၇၁)ဦးအား ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ယနေ့နံနက်ပိုင်းတွင် ဆေးရုံ ဆင်းခွင့်ပြု ခဲ့ကြောင်းသိရသည်။
အဆိုပါ ဆေးရုံဆင်းခွင့်ရရှိသူများသည် တုံတာပြည်သူ့ဆေးရုံ Isolation Ward တွင် ဆေးကုသမှု ခံယူနေသူ (၂၅)ဦး နှင့် ပန်နောင်လုံအုပ်စု၊ ပန်နောင်လုံကျေးရွာ အ.လ.က ကျောင်း Isolation Wardတွင် ဆေးကုသမှု ခံယူနေသူ (၄၆)ဦးဖြစ်ပြီး ၎င်းတို့အား စက်တင်ဘာလ ၂၅ရက်နေ့တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ အဖြစ် ကျန်းမာရေးဌာနမှ စစ်ဆေးတွေ့ရှိခဲ့သူများ ဖြစ်ကြောင်းနှင့် တုံတာမြို့ ပြည်သူ့ဆေးရုံမှတာဝန်ရှိသူများက ဆေးကုသမှု ခံယူပြီးကြောင်း ဆေးလက်မှတ်များ ထုတ်ပေးပြီး မိမိတို့နေအိမ်တွင် ခုနှစ်ရက်ကြာအသွားအလာကန့်သတ် နေထိုင်သွားရန်၊ လူစုလူဝေးဖြင့် နေထိုင်ခြင်းမပြုရန်၊ ကျန်းမာရေးနှင့် ပတ်သတ်သော ဆောင်ရန်၊ ရှောင်ရန်/ ရှောင်ရန်များကိုသတိပေးမှာကြားခဲ့ကြောင်းသိရသည်။
တုံတာမြို့တွင် စက်တင်ဘာလ ၂၅ရက်နေ့မှ အောက်တိုဘာလ ၃ ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ (၁၁၂)ဦး စစ်ဆေးတွေ့ရှိခဲ့ရာ အဆိုပါ လူနာ (၁၁၂)ဦးအနက် (၇၁) ဦး ဆေးရုံဆင်းခွင့်ရရှိခဲ့ ပြီး တုံတာမြို့ ပြည်သူ့ဆေးရုံတွင် (၄)ဦး၊ ပန်နောင်လုံကျေးရွာ အ.လ.ကကျောင်း တွင် (၃၂)ဦး၊ မိုင်းပျဉ်းမြို့ ပြည်သူ့ဆေးရုံတွင် (၅)ဦးစုစုပေါင်း (၄၁)ဦးတို့သည် ဆက်လက်၍ ဆေးကုသမှု ခံယူလျက်ရှိကြောင်းမြို့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
လှိုင်လှိုင်ငြိမ်း