“ကမ္ဘာ့ဆရာများနေ့” အထိမ်းအမှတ်အဖြစ် ရွှေပြည်သာမြိုနယ်မှ အငြိမ်းစားဆရာကြီး တစ်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

ရွှေပြည်သာ အောက်တိုဘာ ၆

- မေး။   ဆရာကြီး မင်္ဂလာပါရှင့်။

  ဖြေ။    မင်္ဂလာပါ  ခင်ဗျ

- မေး။   ဆရာကြီးရဲ့အမည်၊ အသက်နဲ့ နေရပ်လိပ်စာလေး ပြောပြပေးပါဦးရှင့်။

  ဖြေ။    ဆရာကြီးရဲ့အမည်ကတော့ ဦးမြသိန်းပါ။

            အသက်ကတော့(၇၁)နှစ်ရှိပါပြီ။

            နေရာကတော့ ရွှေပြည်သာမြို့နယ်၊ အမှတ် (၇)ရပ်ကွက်၊ အိမ်အမှတ်(၄၁၅/ခ)မှာ နေပါတယ်။

- မေး။    ဆရာကြီးရဲ့အငြိမ်းစား ယူခဲ့တဲ့အချိန်ကာလကိုလည်း သိပါရစေရှင့်။

  ဖြေ။ ကျွန်တော်ပင်စင်ယူခဲ့တာက တော့(၂၀၁၀) ခုနှစ်ပါ၊ခုဆိုရင်ပင်စင်ယူပြီးတာ (၁၁)နှစ် ကျော်သွား ပါပြီ။

-မေး။ ဆရာကြီး ပင်စင်မယူခင်တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျောင်းအမည်တွေကိုလည်း  ဖြေကြားပေး စေချင်

ပါတယ်ရှင့်။

 -ဖြေ။ ကျွန်တော်က (၁၉၇၄-၇၅)မှာ ဘိုကလေး ဆရာအတတ်သင်မှ သင်တန်းဆင်းလာပြီး ပုဇွန်တောင်မြို့နယ် (အမက-၉)မှာ စတင်တာဝန်ထမ်း ဆောင်ပါတယ်၊ (၁၉၈၁)ခုနှစ်၊ ပုဇွန်တောင် မြို့နယ်(အမက-၂)မှာ ပြောင်းပြီးတာ ဝန်ထမ်းဆောင်ပါတယ်၊ အဲဒီနောက် (၁၉၉၁)ခုနှစ်၊ ရွှေပြည်သာ မြို့နယ်(အမက-၁၈)မှာ  ဆက်လက်တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားပင်စင်ယူခဲ့ပါတယ်။

-မေး။  ဆရာကြီးအနေနဲ့ ဆရာ့ကျင့်ဝတ်၊ တပည့်ကျင့်ဝတ်နဲ့ ပတ်သက်ပြီးတော့လည်း ရှင်းပြပေးပါဦး ရှင့်။

 ဖြေ။ ဆရာကျင့်ဝတ်အနေနဲ့ (၅)ချက်ရှိပါတယ်၊ အခုအခါမှာ(၅)ချက်အပြင်ပိုများ လာပါတယ်၊ ကလေး တွေကို  မတတ် တတ်အောင် ဘယ်လိုသင်ပေးရတယ်ဆိုတာ အဓိက ကတော့ အခြေခံမူလတန်းက ဆရာ/ဆရာမတွေက အဓိကကျပါတယ်၊ ဖယောင်းလို နုနယ်တဲ့ကလေးတွေကို လမ်းမှားမရောက် အောင် သွန်သင်ဆုံးမပေးရပါတယ်၊ တချို့မိဘများအနေနဲ့ သားသမီးများ ဆုံးမတာကို မကြိုက်တာရှိ  ပေမဲ့ လမ်းကြောင်းလေးတွေသိအောင် ပဲ့ပြင် ဆုံးမပါတယ်၊ (၁၉၇၅)မှ(၁၉၉၁)ခုနှစ်အထိ  ပီပီပြင်ပြင်နဲ့ ဆိုးတဲ့ကလေးကို  ဆရာ့ရဲ့တာဝန်နဲ့ နဲနဲပါးပါးရိုက်လို့ရပါတယ်၊ အဲဒီနောက်ပိုင်း ရိုက်ပြီးဆုံးမ၍မရ တော့ပါ၊ ကလေးတွေကို ရိုက်ခြင်းဟာလည်းအပြစ်နဲ့ ကလေးတွေကို အပြစ်အ နေအထားနဲ့ ရိုက်ခြင်း မဟုတ်၊ ဆုံးမခြင်းမဟုတ်ဘဲ ဆုံးမခြင်းသာဖြစ်ပါတယ်၊ ဆိုးသွမ်းနေတဲ့ကလေးတွေကို လမ်းမှား မရောက်အောင် သတိပေးတဲ့အနေနဲ့ သူတို့ရဲ့ နှလုံးသားထဲမှာ အမြဲစွဲနေအောင် ဆုံးမခြင်းသာဖြစ်ပါ တယ်၊ သိပ္ပမချန်ဆိုတဲ့ သင်ကြားတဲ့နေရာမှာ  ဘာသာရပ်အားလုံးအပြင် ပြင်ပဗဟုသုတများကိုလည်း  ကလေးတွေ သင်ကြားပေးပြီး ဆရာကိုယ်တိုင်ကလည်း ဗဟုသုတနဲ့ပြည့်စုံ ရန်လေ့လာဆည်းပူးရပါ တယ်၊ ကလေးတွေအနေနဲ့ စာပေဘာသာရပ်များအပြင် အခြားထူးချွန်သည့် ဘာသာရပ်များကိုလည်း သက်ဆိုင်ရာများ ချိတ်ဆက်ဆောင်ရွက်ပေးရပါတယ်၊ ကလေးတွေရဲ့ လုံခြုံရေး၊ သူတို့တွေ လမ်းမှား မရောက်စေရန် သူတို့လေးတွေရဲ့ စိတ်ခံစားချက်တွေကို ဆရာတွေက အကောင်အထည်ဖော် ပေးရပါ တယ်၊ ကျွန်တော်တို့ ခေတ်တုန်းက ကျုရှင်ဆိုတာ သိပ်မရှိတော့ ဆရာ၊ ဆရာမတွေက မိမိစရိတ်ဖြင့် ကလေးတွေကို အိမ်မှာခေါ်စာသင်ပေးပါတယ်၊ ငွေအသပြာမယူဘဲဆရာတွေမှာ စာသင် ချင်လွန်း၍ စားစရာများဖြင့် သူတို့ကို မြူဆွယ်ပြီးသင်ကြားပေးပါတယ်။ တပည့်ကျင့်ဝတ်မှာလည်း" ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊ သင့်တွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ်ငါးခုသာ" ဆိုတဲ့အတိုင်း ဆရာ/မများ ကျောင်းခန်းကို လာစဉ်အချိန်မှာ ညီညာဖြဖြဖြင့် ကြိုရပါတယ်၊ ဆရာတွေရဲ့  ပြောဆို ဆုံးမမှုကို တပည့်တွေ အနေနဲ့ ခံယူပြီး ဆရာ၊ ဆရာမတွေ မြင်ပါကလည်း ကြိုဆို နှုတ်ဆက်ရမှာ ဖြစ်ပါတယ်၊ သင်ကြားသမျှ အရာတွေကို တတ်မြောက်အောင် အိမ်မှာကျက်မှတ်ရပါတယ်၊ ဆရာ၊ ဆရာမများ ကလည်း ကလေးများနေတဲ့ နေရာအထိ လိုက်လံကြည့်ရှုပေးကြပါတယ်၊ စာမကျက်သည့် ကလေးများအား ခေါ်ယူပြီး ဆုံးမကြ တယ်၊ စာကို တကယ်လိုချင်တဲ့ ကလေးများအနေဖြင့်  ပေးတဲ့စာ တွေကို လုပ်ဆောင်လာကြတယ်၊ တပည့်ဝတ်ကို ကျေပွန်တဲ့ ကလေးတွေ ရှိကြပါတယ်၊ ဒါကြောင့် ဆရာ၊ ဆရာမတွေ သင်ကြားပေးတဲ့ ပညာရပ်တွေနဲ့ လောကအလှကို ထုဆစ်နိုင်ကြပါစေလို့ ဆရာကြီး က မှာချင်ပါတယ်။

- မေး။  ကမ္ဘာ့ဆရာများနေ့နဲ့ ပတ်သက်ပြီး အမှတ်တရများရှိရင် ဆရာကြီးအနေနဲ့ ပြန်လည်မျှဝေပေး စေချင်ပါတယ်ရှင်။

 ဖြေ။  ကမ္ဘာ့ဆရာများနေ့နဲ့ ပတ်သက်ပြီး ကမ္ဘာမှာ ဆရာများနေ့ဆိုပြီး သတ်မှတ်လိုက်တဲ့အတွက်  ကျေးဇူးတင်ရှိပြီး ပြောမပြတတ်အောင် ဝမ်းသာကြောင်း၊ ကမ္ဘာ့ဆရာများနေ့တွင်  ရွှေပြည်သာမြို့နယ် မှာ ပင်စင်ယူသွားသည့် ဆရာကြီး၊ ဆရာမကြီးများကို ကန်တော့ကြကြောင်း၊ ကန့်သတ်ချက်အနေနဲ့  ရွှေပြည်သာမြို့နယ်မှာ ပင်စင်ယူပြီး (၁၀)နှစ်ရှိမှသာ ကန်တော့ခံရကြောင်း၊ ကန်တော့ခံနေ့မှာ လုပ်ဖော် ကိုင်ဖက် ဆရာကြီး၊ ဆရာမကြီးများ၊ ပြောဆိုဆုံးမခဲ့တဲ့ ဆရာကြီး၊ ဆရာမကြီးတွေနဲ့ ပြန်ဆုံရတော့ အလွန်ဝမ်းသာကြောင်း၊ မိမိဖြစ်စေချင်တာကတော့ တာဝန်အသီးသီးကို ထမ်းဆောင်ခဲ့ကြတဲ့ ဆရာကြီး၊ ဆရာမကြီးများ ဖြစ်ခဲ့ကြပြီး အငြိမ်းစားပင်စင်ယူသွားပြီဆိုပါက အားလုံးဟာ အတူတူအငြိမ်းစား ဖြစ်တဲ့အတွက် အခွင့်အရေးများ ရရှိပါက တန်းတူခံစားခွင့်လေးများ ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

- မေး။ အခုလို ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့ဆရာကြီးကို ကျမတို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အထူးကျေးဇူး တင်ပါတယ်ရှင်။

ဖြေ။ အခုလို ပင်စင်အငြိမ်းစားယူထားတဲ့ ဆရာကြီးကို လာရောက်မေးမြန်းပြီး ဒီနေရာကနေ တင်ပြခွင့်ရတဲ့အတွက် သမီးတို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဝန်ထမ်းများကိုလည်း ကျေးဇူးတင်ရှိပါတယ်။

အေးမိုး(ပြန်/ဆက်)