နမ့်စန်တွင် Mask မတပ်ဆင်ဘဲ သွားလာနေသူ ၈၀ဦးကို RDT Test Kit ဖြင့် စစ်ဆေး ၊ အမျိုးသား ၂ ဦးထံတွင်  ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးတွေ့ရှိ

နမ့်စန်(တ) အောက်တိုဘာ ၆

ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်မြို့နယ်တွင် Mask မတပ်ဆင်ဘဲသွားလာနေကြသူများအား  ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံထားရခြင်းရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးခြင်းကို မြို့နယ်မှ တာဝန်ရှိသူများက နေ့စဉ်ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ခန်းမရှေ့ ၊ ပြည်ထောင်စု လမ်းမကြီး ပေါ်တွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုး ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် လူမှုရေး အသင်းအဖွဲ့များက မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်နှင့် ကျန်းမာရေး ဝန်ထမ်းများနှင့်ပူးပေါင်းကာ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် Mask မတပ်ဆင်ဘဲ သွားလာနေသူ များကို ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေး၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ Mobile စစ်ဆေးမှုကို နံနက် ၉နာရီ မှ နေ့လည် ၁၁ နာရီ ခွဲ အတွင်း ဆောင်ရွက်၍ လမ်းမပေါ်တွင်သွားလာနေသူ စုစုပေါင်း  ၈၀ ဦးကို စစ်ဆေးပေးခဲ့ပြီး အမှတ်(၁)ရပ်ကွက် မှ ၁၉ နှစ်အရွယ် အမျိုးသား ၁ ဦး နှင့် လွိုင်လင်မြို့ အမှတ်(၃)ရပ်ကွက် မှ ၅၂ နှစ်အရွယ် အမျိုးသား ၁ ဦး ၊ စုစုပေါင်း ၂ ဦးထံတွင် ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကာ နမ့်စန်မြို့နေ ပိုးတွေ့လူနာ အမျိုးသားအား  မြို့နယ်ပြည်သူ့ဆေးရုံတွင် ကုသမှုပေးလျှက်ရှိပြီး လွိုင်လင်မြို့မှ ပိုးတွေ့လူနာ အမျိုးသားအား လွိုင်လင်မြို့ ပြည်သူ့ဆေးရုံသို့ ချိတ်ဆက်၍ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုနှုန်း အမြန်ဆုံးလျှော့ချနိုင်ရန် အပြင်ထွက် သွားလာနေသူများအား RDT Test Kit ဖြင့် ကွင်းဆင်းစစ်ဆေး၍ ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ နေ့စဉ် ရှောင်တခင်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အတည်ပြုလူနာ ထပ်မံတွေ့ရှိမှု နည်းပါးလာစေရန်အတွက် ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ ထံမှ သိရသည်။

မြို့နယ်ပြန်/ဆက်