မော်လမြိုင် အောက်တိုဘာ ၆
မွန်ပြည်နယ် ကိုဗစ်- ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာ ဌာန အလိုက်တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၉နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် မွန်ပြည်နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်သည်၊၊
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက မွန်ပြည်နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှု နှုန်းကျဆင်းလာသော်လည်း မပေါ့ဆကြစေလိုကြောင်း၊ ကျန်းမာရေး၀န်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ လိုက်နာကြစေလိုကြောင်း၊ အခြေခံပညာ အထက်တန်းနှင့် အလယ်တန်း ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ဆေး ထိုးနှံနိုင်ရေးအပေါ်စီမံချက်ဖြင့်ကြပ်မတ်ဆောင်ရွက် စေလိုကြောင်း၊ ထပ်မံရောက်ရှိမည့် ကာကွယ်ဆေးများ ထိုးနှံနိုင်ရေး လူဦးရေစာရင်းများ တိကျ မှန်ကန်စွာ ကောက်ယူ၍ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်းနှင့် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများကို ပြည်သူများသိရှိစေရန် ထိရောက်စွာ ဆောင်ရွက်ကြစေ လိုကြောင်း မှာကြားသည်။
ထို့နောက် မွန်ပြည်နယ် ကိုဗစ်- ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များမှ ဆွေးနွေးတင်ပြကြပြီး တက်ရောက်ကြသည့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ထားရှိမှုများကို တင်ပြမှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။ မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေးများကို မြို့နယ် အလိုက် ပြည်သူများအား ထိုးနှံပေးနေသကဲ့သို့ အခြေခံ ပညာအထက်တန်းနှင့် အလယ်တန်းအဆင့် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ ၇၆၅၉၆ ဦးအား မြို့နယ် ၁၀ ခု ရှိ ၊ စုရပ်နေရာ ၁၄၀ တို့၌ ကာကွယ်ဆေးထိုးအဖွဲ့ ၃၅ ဖွဲ့ဖြင့် ကာကွယ်ဆေးများ ထိုးနှံပေးမည်ဖြစ်ကြောင်း၊ ထပ်မံရောက်ရှိမည့်ကာကွယ်ဆေးများကိုမြို့နယ်များ အလိုက်ထိုးနှံနိုင်ရေး စီမံချက်ရေးဆွဲထားရှိကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)