မလှိုင်မြို့နယ်၌ အသက်(၁၂) နှစ်နှင့် အထက် ကျောင်းသား/သူ (၁၄၈၃ဝ) ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များထိုးနှံပေးမည်

မလှိုင်  အောက်တိုဘာ ၆

 မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်‌ရေးနှင့် အရေးပေါ်တုံ့ပြန်‌ရေး ကော်မတီ နှင့် မြို့နယ်ပညာရေးဌာနမှ အထက်တန်း၊ အလယ်တန်း ကျောင်းအုပ်ကြီးများတွေ့ဆုံ၍ အသက်(၁၂) နှစ်နှင့် အထက် ကျောင်းသား/သူများကို ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး  လုပ်ငန်းညှိနှိုင်း အစည်းဝေးကို မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ယမန်နေ့က ကျင်းပခဲ့ကြောင်းသိရသည် ။

အဆိုပါလုင်ငန်း ညှိနှိုင်းအစည်းဝေးတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်‌ရေးနှင့် အရေးပေါ် တုံ့ပြန်‌ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အသက်(၁၂)နှစ် နှင့် အထက်၊ အထက်တန်း၊ အလယ်တန်းဆင့် ကျောင်းသား/သူများကို ကာကွယ်ဆေး ထိုးနှံပေးမည့် အစီအစဉ်နှင့် ကာကွယ်ဆေးထိုးနှံရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြပြီး အဖွဲ့ဝင်များဖြစ်ကြ သော ဗိုလ်မှူးဌေးသန်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထိန်လင်းမောင်တို့ကလုံခြုံရေး အစီအမံများနှင့် ပတ်သက်၍၎င်း၊ အဖွဲ့ဝင် ဦးကျော်ငြိမ်းက ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ဆရာ/မ များ အနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။  ထို့နောက်  မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာတင်ဇော်ဝင်းနှင့် ပညာရေးမှူး ဦးရွှေတို့က ကာကွယ်ဆေး ထိုးနှံ နိုင်ရေး ဆောင်ရွက်ထားရှိမှုများကို တင်ပြဆွေးနွေးခဲ့ကြသည် ။

 မလှိုင်မြို့နယ်တွင် အသက်(၁၂) နှစ် ပြည့်ပြီးသူ အထက်တန်းဆင့်ကျောင်းသား/သူ(၆ဝ၅၂) ဦး၊ အလယ်တန်း ဆင့် ကျောင်းသား/သူ(၈၇၇၈)ဦး ၊ စုစုပေါင်း(၁၄၈၃ဝ )ဦးရှိပြီး ဆေးထိုးအဖွဲ့(၅)ဖွဲ့ဖြင့် စုရပ်နေရာ (၅) နေရာ၌ အောက်တို ဘာ(၁၂) ရက်နေ့မှစတင်၍ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။                                                                                                                  အောင်ဌေး(မလှိုင်)