ချောင်းဆုံ အောက်တိုဘာ ၅
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း ၊ အလယ်တန်းကျောင်းများတွင် ပညာသင်ကြားနေသော အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းတည့် (၁၂) နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ မြို့နယ်ပညာရေးမှူး ဦးသိန်းဟန်နှင့် ဒုတိယ မြို့နယ်ပညာရေးမှူးများ (ထက်၊လယ်) ကျောင်းအုပ်ကြီးများ တက်ရောက်ကြသည်။
ကျောင်းသားမိဘများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းနှင့် ပတ်သက်သည်များကို ကျယ်ကျယ်ပြန့်ပြန့် ပညာပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ နိုင်ငံ၏အနာဂတ်ကြယ်ပွင့်များ ဖြစ်သည့် ကျောင်းသား/ သူများကို အချိန်မီပညာသင်ကြားနိုင်ရေး ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း အောက်တိုဘာလ ဒုတိယပတ်ခန့်အတွင်း ကာကွယ်ဆေး စတင်ထိုးနှံမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးသိန်းဟန်က ပြောသည်။
ချောင်းဆုံမြို့နယ်တွင် အထက်တန်းကျောင်း (၁၄)ကျောင်း ၊ အလယ်တန်း (၁၉)ကျောင်း စုစုပေါင်း (၃၃) ကျောင်းတွင် ကျောင်းအပ်နှံသူစာရင်းအရ ကျောင်းသား/သူ (၅၉၂၃) ဦးကို ဆေးထိုးစုရပ်အဖြစ် အထက်တန်းကျောင်း (၁၄) ကျောင်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မွန်ကြီး