တောင်ကြီး အောက်တိုဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်တွင် အသက် ၁၂ ပြည့်ပြီး အလယ်တန်း၊ အထက်တန်းကျောင်းသား ကျောင်းသူများ အား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်က တောင်ကြီးမြို့နယ်တွင် အသက် ၁၂ ပြည့်ပြီး အလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အောက်တိုဘာ (၁၃) ရက်နေ့မှ (၁၇) ရက်နေ့အထိ ထိုးနှံပေးမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ တောင်ကြီးမြို့နယ် ပညာရေးမှူး ဒေါက်တာသင်းသင်းခိုင်က တောင်ကြီးမြို့နယ်တွင် အလယ်တန်း၊ အထက်တန်း ကျောင်းပေါင်း (၁၄၁)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၈၆၉၄)ဦးအား ဆေးထိုးအဖွဲ့(၈)ဖွဲ့ဖြင့် သတ်မှတ်စုရပ် နေရာများတွင် ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ထားမှု အခြေအနေများကိုလည်းကောင်း၊ တောင်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာဝင်းဝင်းခိုင်က ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများနှင့်ပတ်သက်၍ လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသူများ၏ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြမှုများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေးအေးစိုး(တောင်ကြီး)