မိုးနဲမြို့၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံ

မိုးနဲ အောက်တိုဘာ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ ဦးဆောင်စီစဉ်မှုဖြင့် မြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ ၁ နာရီ အချိန်က မြို့နယ်ကမ္ဘောဇခန်းမ စုရပ် နေရာ၌ ပူးပေါင်းအဖွဲ့တို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ စာရင်းများမှတ်တမ်းယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာ ရေးစစ်ဆေးခြင်းများဆောင်ရွက်ပြီး ပုံမှန်အခြေအနေရှိမှသာ ကာကွယ်ဆေးထိုးနှံပေးပြီး ဆေးထိုးနှံပြီး သည့်သူများကို မိနစ်(၃၀)ခန့် အနားယူစေကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)