ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပုဏ္ဏားကျွန်းမြို့နယ် ကျန်းမာရေး ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် အောက်ဆီဂျင် စက်ရုံအတွက် အလှူငွေပေးအပ်

စစ်တွေ  အောက်တိုဘာ 

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပုဏ္ဏားကျွန်းမြို့နယ် ကျန်းမာရေး ဝန်ထမ်းများအား ချီးမြှင့်ထောက်ပံ့ ငွေပေးအပ်ခြင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ အောက်ဆီဂျင် စက်ရုံအတွက် အလှူ ငွေပေးအပ်ခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပုဏ္ဏားကျွန်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ယခုအချိန်တွင် ရခိုင်ပြည်နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်းသည် သိသိသာသာကျဆင်း လာသည့်တွက် ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း ကျဆင်းသွားခြင်းသည်လည်း သက်ဆိုင်ရာ ဌာနအကြီးအကဲများ၏ ကြီးကြပ်ကွပ်ကဲမှု၊ ကျန်းမာရေး ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှု၊ အပင်ပန်းခံမှု၊ အနစ်နာခံမှု၊ ပြည်သူများ၏ ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်သည့် စည်းကမ်းချက်များကို ပူးပေါင်းလိုက်နာမှု၊ သက်ဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၏ ကြိုးစားဆောင်ရွက်မှုကြောင့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးမှုကျဆင်းလာခြင်း ဖြစ်ကြောင်း၊ ယခုအချိန်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်းသည် သိသိသာသာ ကျဆင်းလာသည် ဆိုသော်လည်း ကိုဗစ်နှင့်ပတ်သက်သည့် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ၊ ညွှန်ကြားချက်များကို အမြဲလိုက်နာ ဆောင်ရွက်သွားရမည့် အခြေအနေဖြစ်နေ ပါကြောင်း၊ နောက်ထပ် ကိုဗစ်ရောဂါဖြစ်ပွားမှု နောက်တစ်ကြိမ် ဖြစ်ပေါ်လာမည်ဆိုပါက ယခင်တွေ့ကြုံခဲ့သည့် အတွေ့အကြုံများ၊ ဖြေရှင်းဆောင်ရွက်ခဲ့မှုများကို သင်ခန်းစာယူကာ ယခုထက်ပိုမို တားဆီး ဆောက်ရွက်နိုင်အောင်၊ ယခုထက်ပိုမိုကောင်းမွန်အောင် မည်ကဲ့သို့ရင်ဆိုင် ကျော်လွှား သွားမည်ကို အဆင်သင့် လုပ်ဆောင်ထားကြစေလိုကြောင်း၊ ကိုဗစ်ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ် ရေးလုပ်ငန်းများတွင် ရခိုင်ပြည်နယ်အတွင်းရှိ ကျန်းမာရေး ဝန်ထမ်းများ အားလုံး၏ ကြိုးစားအားထုတ်မှု၊ အနစ်နာခံမှုများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ရခိုင်ပြည်နယ်သူ၊ ပြည်နယ်သားများကိုယ်စား များစွာကျေးဇူးတင်ကြောင်းနှင့် ကိုဗစ်-၁၉ရောဂါကြောင့် ထိခိုက်ခဲ့သော စီးပွားရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်းများကို ဖြစ်နိုင်သမျှ အမြန်ဆုံး ကုစားဆောင်ရွက်ရမည့် အချိန်အခါဖြစ်သည့်အတွက် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြိုးစားဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပုဏ္ဏားကျွန်းမြို့နယ် ကျန်းမာရေး ဝန်ထမ်းများအတွက်  ဂုဏ်ပြုငွေကျပ်သိန်း(၂၀)နှင့် ဂုဏ်ပြုမှတ်တမ်းအား လည်းကောင်း၊ အောက်ဆီဂျင် စက်ရုံအတွက် အလှူငွေကျပ်သိန်း(၁၀၀)အား လည်းကောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ပစ္စည်းများအား လည်းကောင်း ထောက်ပံ့ပေးအပ်ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် ဆရာဝန်ကြီးနှင့် အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီမှ တာဝန်ရှိသူများက  လက်ခံ ရယူကြသည်။

ယင်းနောက် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ အောင်စစ်ထွန်းနှင့် အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ဦးလှဘော်သူက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ဆက်လက်၍ အဆိုပါခန်းမ၌ အစည်းအဝေး ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ဦးဇော်သိန်းက မြို့နယ်၏ဒေသဆိုင်ရာ အချက်အလက်များ၊ ဒေသလိုအပ်ချက်များ၊ မြို့မိ၊ မြို့ဖများနှင့် တက်ရောက်လာကြသည့် ဌာဆိုင်ရာများက မြို့နယ်၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ပြန်လည် ရှင်းလင်း ဆွေးနွေး ပြောကြားကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)