လွိုင်လင် အောက်တိုဘာ ၅
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်တွင်ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လွိုင်လင်ခရိုင်ရုံးမှ အငြိမ်းစား ကျောင်းဆရာတစ်ဦးနှင့် သွားရောက်တွေ့ဆုံမေးမြန်းခြင်းကို နံနက်(၁၀)နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
မေး။ မင်္ဂလာပါရှင်၊ ဆရာကြီးရဲ့ အမည် ၊ အသက်နှင့် နေရပ်လိပ်စာပြောကြားပေးပါရှင့်။
ဖြေ။ ဟုတ်ကဲ့၊မင်္ဂလာပါ ၊ကျွန်တော်ကတော့ အငြိမ်းစားကျောင်းဆရာတစ်ဦးဖြစ်တဲ့ ဦးသန်းတင် ပါ ၊ အသက်ကတော့(၇၅)နှစ်ရှိပါပြီ ၊ နေတာကတော့ လွိုင်လင်မြို့ အမှတ်(၄) ရပ်ကွက် ၊ ပွင်ဦးလမ်းမှာနေပါတယ်။
မေး။ ဆရာကြီးအနေနဲ့ အငြိမ်းစားယူခဲ့တဲ့ ခုနှစ်၊ နေရာ နဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ အတွေ့အကြုံလေးတွေ ကို မျှဝေပေးပါဦးရှင့်။
ဖြေ။ အငြိမ်းစားယူခဲ့တဲ့ ခုနှစ်ကတော့ ၂၀၀၈ ခုနှစ် ၊ ဩဂုတ်လ မှာ လွိုင်လင်ခရိုင် နမ့်စန်မြို့မှာဖြစ်ပြီးပါတယ်။ ပထမဦးဆုံးအနေနဲ့ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့ မှာ အလုပ်စတင်ဝင်ရောက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လားရှိုး ၊ ကျောက်မဲ ၊ လွိုင်လင် ၊ ဆီဆိုင် ၊ တောင်ကြီး ၊ ရပ်စောက်နဲ့ နမ့်စန်မြို့ စတဲ့ မြို့ကိုးမြို့မှာ တာဝန်အဆင့်ဆင့် ၊ ရာထူးအဆင့်ဆင့် ယူခဲ့ပြီး နမ့်စန်မြို့မှာဘဲ သက်ပြည့်ပင်စင်ယူခဲ့ပါတယ်။
မေး။ ကလေးတွေကိုပြုစုပျိုးထောင်တဲ့နေရာမှာ ဆရာ/ဆရာမတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍ ကိုလည်း သိချင်ပါတယ်ရှင့် ။
ဖြေ။ ကလေးတွေကိုပြုစုပျိုးထောင်တဲ့နေရာမှာ ဆရာ/ဆရာမတွေရဲ့ အခန်းကဏ္ဍ ဟာလည်း အလွန်အရေးပါ ပါတယ် ။ လက်ဦးဆရာမည်ထိုက်စွာ ပုပ္ပစရိယ မိနှင့်ဖ ဆိုတာရှိပါတယ်။ ဆရာတွေဟာလဲ လက်ဦးဆရာမဟုတ်သည့်တိုင် ဒုတိယနေရာမှာရှိပါတယ်။ ကလေးတွေ ပညာသင်ကြားချိန်ရောက်လာပြီ ဆိုကတည်းက ကျောင်းဆရာ/ဆရာမတွေနဲ့ အများဆုံးထိတွေ့ ဆက်ဆံပြီး ပညာသင်ကြားပေးရပါတယ် ၊တပည့်ဆိုရင်လဲ တပည့်ကျင့်ဝတ် ရှိသလို ၊ ဆရာတွေမှာလည်း ဆရာ့ကျင့်ဝတ်တွေရှိပါတယ်။ အတတ်လည်းသင် ပဲ့ပြင်ဆုံးမ သိပ္ပမချန် ဘေးရန်ဆီးကာ သင့်ရာအပ်ဖို့ဆရာတို့ ဆိုသလိုပေါ့။ ကလေးတွေကို ပညာသင်ကြားရေးရုံမကဘဲ ယဉ်ကျေးလိမ္မာပြီး အကျင့်စာရိတ္တကောင်းမွန်တဲ့ ဘက်စုံထူးချွန်တဲ့ လူတော်လေူကောင်းတွေ ဖြစ်အောင် သင်ကြားပြုစု ပျိုးထောင်ပေးရမှာကတော့ ဆရာတွေရဲ့ တာဝန်ဖြစ်ပါတယ်။ ဒါကြောင့် ဆရာ/ဆရာမတွေရဲ့ အခန်းကဏ္ဍ ဟာလည်း အလွန် အရေးပါပြီး ဆရာ့ထက်တော်တဲ့ ထူးချွန်ထက်မြက်တဲ့ ပညာတတ်တွေဖြစ်လာအောင် သင်ကြားပြသပေးရာမှ ဆရာ့တာဝန်ဖြစ်ပါတယ်၊၊
မေး။ ဆရာကြီးအနေနဲ့ အောက်တိုဘာလ ၅ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့ နဲ့ ပတ်သက်ပြီး ရင်တွင်းပီတိစကားသံလေး ပြောကြားပေးပါဦးရှင့်၊.
ဖြေ။ ဟုတ်ကဲ့။ ဒီနေ့ အောက်တိုဘာလ ၅ ရက်နေ့ဟာ ကမ္ဘာ့ဆရာများနေ့ လို့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ သတ်မှတ်ကြပါတယ်။ မြန်မာနိုင်ငံမှာတော့ ပိုပြီးထူးခြားတဲ့အနေ့နဲ့ ကမ္ဘာ့ဆရာများနေ့ ကို နိုင်ငံအဝှမ်း မြို့တိုင်း ရွာတိုင်းမှာ ယခင်နှစ်များကဆိုရင်၊၊ အာစရိယ ပူဇော်ပွဲတို့ ဆရာကန်တော့ပွဲ တို့ ကို ခြိမ့်ခြိမ့်သဲသဲ စည်စည်ကားကား ကျင်းပခဲ့ကြပါတယ်။ ယခုလို ကိုဗစ်-၁၉ ကပ်ရောဂါ ကာလများမှာတော့ လူစုလူဝေးနဲ့ ကျင်းပနိုင်ခဲ့ခြင်းမရှိပါဘူး။ သို့သော်လည်း တပည့်တွေရဲစိတ်ထဲမှာ ဆရာ ဆိုတာအမြဲရှိသလို ဆရာ့စိတ်မှာလည်းတပည့် ဆိုတာအမြဲရှိနေပါတယ်၊၊ ယခင်နှစ်တွေတုန်းက အာစရိယ ပူဇော်ပွဲ တို့ ၊ ဆရာကန်တော့ပွဲ တို့ ကျင်းပနိုင်ခဲ့တဲ့ အချိန်တုန်းကဆိုရင်၊၊ ကျွန်တော်တို့အနေနဲ့ ဝမ်းသာပီတိ ဂွမ်းဆီထိ ကာ ပြုံးပျော်ကြည်နူးမိခဲ့ရပါတယ်။ ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက်တွေဟာ အသက်တွေ ကြီးပြီးတော့ တယောက်နဲ့တယောက် တစ်မြို့တစ်နယ်တွေမှာ နေကြရပြီး မတွေ့ဖြစ် မဆုံဖြစ် ကြတော့ဘူးလေ။ တပည့်တွေက ဦးဆောင်ပြီးတော့ ဆရာကန်တော့ပွဲတွေ ကျင်းပ ပေးတော့ ရှေးဟောင်း နှောင်ဖြစ်တွေ ပြန်ပြောကြ ၊ စကြ ၊ နှောက်ကြ နဲ့ ပျော်ရွင်ခဲ့ရပါတယ်။ ဒါ့အပြင် တပည့်တွေဟာလည်း အရပ်ဖက် ၊ စစ်ဘက် ၊ နယ်ဘက် ဌာနဆိုင်ရာအသီးသီးတွေမှာ တာဝန်အဆင့်ဆင့်၊ ရာထူးအဆင့်ဆင့်တွေ နဲ့ နိုင်ငံတာဝန်တွေကို ထမ်းဆောင်နေကြတာတွေကို တွေ့ရပါတယ်။ တစ်ချို့ကတော့ ပြည်တွင်း ပြည်ပမှာ အောင်မြင်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ အဖြစ်နဲ့မြင်တွေ့နေရတော့ ဝမ်းသာပီတိဖြစ်ခဲ့ရပါတယ်။ ဒါကြောင့်မို့လို တစ်ပြားမရှိ တပည့်မရှား ပီတိကိုစား အားရှိပါ၏။ ဆိုသလိုပေါ့ အတိုင်းထက်အလွန် ကြည်နူးမိပါတယ်။
မေး။ ဆရာကြီးအနေနဲ့ ယခုလိုကမ္ဘာ့ဆရာများနေ့မှာ အမှာစကားပါးချင်တာလေးရှိရင် ပြောကြားပေးပါဦးရှင့်၊၊
ဖြေ။ ကျောင်းသူ၊ ကျောင်းသားများဟာ ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်လာကြမယ် ။တိုင်းပြည်ရဲ့ အနာဂတ်ခေါင်းဆောင်တွေဖြစ်လာကြမယ် ၊ဒါကြောင့် ပညာရှာချိန်မှာ ပညာရှာကြဖို့ ၊ အလုပ်လုပ်ချိန်မှာ အလုပ်လုပ်ကြဖို့ ၊ ဘုရား ၊ တရား သံဃာ ၊ မိဘ ၊ ဆရာ သမားတွေကို မမေ့ကြဖို့ ပြောကြားလိုပါတယ် ၊.ခေတ်မီ ဖွံ့ဖြိုးတိုးတက်နေတဲ့ အိုင်တီနည်းပညာတွေကိုလည်း မပြတ်လေ့လာသင်ယူကြပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် တက်တက်ကြွကြွ ပါဝင်ကြကာ ကိုဗစ် - ၁၉ ကပ်ရောဂါဘေးမှ ကင်းဝေးကြပါစေ ကြောင်းပြောကြားလိုပါတယ်၊၊
မေး။ အခုလို ကမ္ဘာ့ဆရာများနေ့မှာ ဆရာကြီးကိုယ်တိုင် စိတ်ရှည်၊ လက်ရှည် ဖြေကြားပေးတဲ့အတွက် တပည့်အားလုံးရဲ့ကိုယ်စား ကျွန်မအနေနဲ့ အထူးပင်ကျေးဇူးတင်ပါ တယ်ရှင့်။
ဖြေ။ ဟုတ်ကဲ့ ကျွန်တော်လည်းကျေးဇူးတင်ပါတယ်။
တွေ့ဆုံမေးမြန်းသူ---နန်းဦးခမ်း
ဓာတ်ပုံ---လွိုင်လင်မိုး