ကျောက်မြို့၌ နေအိမ်ပြင်ပထွက် သွားလာသူများ  ပါးစပ်နှာခေါင်းစည်း Mask များ  စနစ်တကျတပ်ဆင်ရေး ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိ

ကျောက်မဲ အောက်တိုဘာ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် နေအိမ်ပြင်ပထွက် သွားလာသူများကို ပါးစပ်နှာခေါင်းစည်း Mask များ စနစ်တပ်ဆင်ရန် ကြပ်မတ်စစ်ဆေးခြင်းများကို နေ့စဉ် ဆောင်ရွက်လျှက်ရှိသည်။

ကျောက်မဲမြို့နယ်တွင် ကိုဗစ် တတိယလှိုင်း  အတွင်း ကိုဗစ် -၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူ စတင်တွေ့ရှိခဲ့သည့် နောက်ပိုင်း ဇူလိုင်လဆန်းခန့်မှစ၍  မြို့နယ်ကိုဗစ်ကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ တစ်ဖွဲ့တို့က ဗဟိုဈေးဝန်းကျင် လူစည်ကားရာ လမ်းဆုံနေရာများတို့၌ နေ့စဉ် ရှောင်တခင် စစ်ဆေးပြီး Mask တပ်ဆင်ခြင်းမရှိသူများအား Mask ချက်ချင်းဝယ်ယူ တပ်ဆင်စေခြင်းများကို ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်နေသော်လည်း Mask တပ်ဆင်မှုမပြုပဲ ပြင်ပထွက် သွားလာသူများ ရှိနေခြင်း၊ ယနေ့အထိ ကျောက်မြို့နယ်တွင် ကိုဗစ်ရောဂါ ကူးစက်ဖြစ်ပွားသူ ထပ်မံတွေ့ရှိနေခြင်း တို့ကြောင့် အရှိန်အဟုန်မြှင့်သည့်အနေဖြင့် ကျောက်မဲမြို့အဝင် ရန်ကင်းလမ်းထိပ်ရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်၌  အဖွဲ့ တစ်ဖွဲ့ ထပ်တိုးထားရှိပြီး  Mask စနစ်တကျတပ်ဆင်ရေး ကြပ်မတ်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောက်မဲမြို့နယ်တွင် ဇွန် ၂၂ ရက်နေ့မှ အောက်တိုဘာ  ၄ ရက်နေ့ အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ စုစုပေါင်း ၁၄၉၆ ဦး ၊ သေဆုံးသူ ၈၉ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)