မိတ္ထီလာမြို့ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်စတင်ထုတ်လုပ်ဖြန့်ဝေပေးလျက်ရှိ

မိတ္ထီလာ အောက်တိုဘာ ၅

 မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက် မြို့ဦးကျောင်းတိုက်တောင်ဘက်ရှိ မြေနေရာတွင် တည်ဆောက်ထားသည့် အောက်ဆီဂျင်စက်ရုံတွင် အောက်ဆီဂျင်စက်ရောက်ရှိတပ်ဆင်ပြီးစီး၍ မြို့နယ်အတွင်းရှိ ပရဟိတလူမှုကူညီရေးအသင်းများနှင့် အောက်ဆီဂျင်လိုအပ်သူများထံသို့ အောက်ဆီဂျင် စတင်ထုတ်လုပ်ဖြန့်ဝေပေးလျက်ရှိကြောင်း  အဆိုပါစက်ရုံမှတာဝန်ရှိသူတစ်ဦးထံက သိရသည်။

ပြီးတဲ့တဲ့အပတ်ထဲက မိတ္ထီလာမြို့ အောက်ဆီဂျင်စက်ရုံအတွက်မှာယူထားတဲ့ အောက်ဆီဂျင်စက် ရောက်ရှိပြီးမှာယူတဲ့ ကုမ္ပဏီရဲ့အင်ဂျင်နီယာတွေက စက်ကိုလာရောက်တပ်ဆင်ပေးပါတယ်။ စက်ရုံ အတွက်ခန့်ထားတဲ့ ဝန်ထမ်းတွေကိုလည်း အောက်ဆီဂျင် ထုတ်လုပ်ဖြန့်ဝေတာနဲ့ ပတ်သက်ပြီး ကျွမ်းကျင်တတ်မြောက်အောင်သင်ကြားပေးခဲ့ပါတယ်။ အခုတော့ အောက်ဆီဂျင်စက်စတင် လည်ပတ်ပြီး မြို့နယ်အတွင်းမှာကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းတွေ အတွက် ကူညီဆောင်ရွက်ပေးနေတဲ့ ဒေသခံလူမှုကူညီရေးပရဟိအသင်းတွေနဲ့ အောက်ဆီဂျင် လိုအပ်တဲ့သူ တွေထံကို အောက်ဆီဂျင် စတင်ဖြန့်ဝေပေးနေပြီဖြစ်ပါတယ်။ အောက်ဆီဂျင်စက်က ထုတ်မယ်ဆို တစ်နေ့ကို ၄ဝ လီတာအိုး ၁၂ဝ အထိထုတ်လုပ်နိုင်ပေမယ့် လက်ရှိတော့ တစ်နေ့ကို ၄ဝ လီတာအိုး ၈ဝ အထိပဲ ထုတ်လုပ်ပါသေးတယ်။ လိုအပ်ရင်၄ဝ လီတာအိုး ၁ဝဝ ကျော်အထိ ထုတ်လုပ်မှာဖြစ်ပါတယ်။ လက်ရှိတော့ ၄ဝလီတာအိုး ၁ အိုးကို၃ဝဝဝ ကျပ်နှုန်းနဲ့ပဲ ဖြန့်ဝေပေးနေပါ တယ် ဟု အဆိုပါ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင် ထုတ်လုပ်ဖြန့်ဝေရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဦးဆောင်စေတနာရှင် များအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 မိတ္ထီလာမြို့ရှိ အဆိုပါ အောက်ဆီဂျင် စက်ရုံအား ဒေသခံစေတနာရှင်အလှူရှင်များ၏ လှူဒါန်းငွေ များ ဖြင့်သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဦးဆောင်စေတနာရှင်များအဖွဲ့တို့ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်လျက် ဇူလိုင်လအတွင်းက ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ စက်ရုံအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ယာဆောက်လုပ်ခြင်း၊ လျှပ်စစ်ထရန်စဖော်မာအိုးတည်ဆောက်ခြင်း၊ စက်ရေတွင်း တူးဖော်ခြင်း၊ အောက်ဆီဂျင် စက်ဝယ်ယူခြင်း စသည့်လုပ်ငန်းများအတွက် စုစုပေါင်းကုန်ကျငွေကျပ် သိန်း ၂၈ဝဝ ခန့်အကုန်အကျခံဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။  

ဦးချမ်းသာ