ငါန်းဇွန် အောက်တိုဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၅၅) နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်အတွင်း ဇုံနယ်မြေ (၉)ဇုံ ခွဲခြား သတ်မှတ်ပြီး ဇုံနယ်မြေအလိုက် သတ်မှတ်နေရာများတွင် စက်တင်ဘာ (၂၀) ရက်နေ့မှစ၍ နေ့စဉ်နံနက် ၉ နာရီမှစ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
ထိုသို့ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန် နေ့က မြို့မဇုံမှ (၃၈၀)ဦး၊ မြို့သာဇုံမှ (၁၃၀)ဦး၊ ငါန်းမြာဇုံမှ (၂၂၀)ဦး၊ ခြင်္သေ့လက်ဇုံမှ (၁၇၉)ဦး၊ သားကျင်ဇုံမှ (၅၇)ဦး၊ ဂျိုဇုံမှ (၁၄၅)ဦး၊ သံဘိုဇုံမှ (၁၀)ဦး၊ ရေလည်သောင်ဇုံမှ (-)ဦး၊ ကုလားရွာဇုံမှ (၉၀)ဦး၊ မြို့နယ်အတွင်း ဇုံ(၉) ဇုံမှ (၅၅)နှစ်နှင့်အထက်ပြည်သူများနှင့် ဦးစားပေး အုပ်စုအလိုက် စုစုပေါင်း(၁၂၁၁)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် သတ်မှတ် ဦးစားပေးအုပ်စု အလိုက် လူစုလူဝေး မဖြစ်ပေါ်စေရေး၊ သွားလာရေး အဆင်ပြေစေရန် ကူညီဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ စက်တင်ဘာ ၂၀ ရက်နေ့မှ အောက်တိုဘာ ၄ ရက်နေ့အထိ မြို့နယ်အတွင်းရှိ ဇုံ(၉)ဇုံမှ စုရပ်နေရာများတွင် အသက်(၅၅)နှစ်နှင့် အထက်ပြည်သူများနှင့် သတ်မှတ်ဦးစားပေးအုပ်စု အလိုက် (၁၁၂၈၀)ဦး ထိုးနှံပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသူများအား သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ဆက်လက်၍ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)