ကျောက်ဖြူမြို့တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသက်(၆၅)နှစ်နှင့်အထက် ဆရာကြီး၊ ဆရာမကြီးများအား အိမ်တိုင်ရာရောက်သွားရောက်၍ မြို့လုံးကျွတ်မြတ်ဆရာပူဇော်ပွဲ ကျင်းပ

ကျောက်ဖြူ   အောက်တိုဘာ

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ() ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် အသက်(၆၅)နှစ်နှင့်အထက်ရှိ ဆရာကြီး၊ ဆရာမကြီးများအား အိမ်တိုင်ရာရောက် ပူဇော်ကန်တော့ခြင်းကို ယနေ့နံနက် နာရီကစတင်ကာ စုရပ် ခုတွင် အဖွဲ့ ဖွဲ့ခွဲပြီး သွားရောက်ပူဇော်ကန်တော့ခဲ့ကြောင်း ပညာရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 “ဒီမြတ်ဆရာပူဇော်ပွဲဟာ ကျောက်ဖြူမြို့ရဲ့ အစဉ်အလာတစ်ခုပါ၊ ကျွန်မတို့ ကျောက်ဖြူမြို့မှာ ခုလိုမြတ်ဆရာပူဇော်ပွဲကို ကျင်းပလာတာအခုအကြိမ်နဲ့ဆိုရင် (၁၃)ကြိမ်မြောက် ရှိနေပါပြီ၊ မြတ်ဆရာ ပူဇော်ပွဲစတင်ခဲ့တာက ကျောက်ဖြူမြို့နယ် ပညာရေးမှူး ဆရာမကြီး ဒေါ်တင်တင်အုန်း လက်ထက်ကတည်းက စတင်ခဲ့တာဖြစ်တယ်၊ ဟိုးအရင်နှစ်တွေကတော့ အထက-၃၊ စန္ဒကူးခန်းမနဲ့ စနဲတိုက်နယ်တို့ကို သွားရောက်ပြီးတော့ ကျင်းပဖြစ်တယ်၊ ဂါဝရပြုတဲ့အခါမှာလည်း တပည့်သားမြေးတွေက မြတ်ဆရာသီချင်းနဲ့ ပြီးတော့ မြတ်ဆရာဂုဏ်ကိုဖော်ကြူးတဲ့ ရတုတွေနဲ့ အခမ်းအနားကို သိုက်သိုက်ဝန်းဝန်း စည်စည်ကားကား ကျင်းပနိုင်ခဲ့ပါတယ်၊ ၂၀၂၀ ခုနှစ်၊ ဆရာကြီး ဦးစောဝင်း လက်ထက်မှာတော့ ကိုဗစ်နဲ့ဖြစ်နေတဲ့အတွက် အဝေးရောက်စနစ်နဲ့ဘဲ ကန်တော့ခဲ့ရပါတယ်၊ ခုကျွန်မလက်ထက် ၂၀၂၁ ခုနှစ်မှာလည်း  ကိုဗစ်ကာလဖြစ်နေတဲ့အတွက် ဆရာကြီး၊ ဆရာမကြီးတွေကို ကျွန်မတို့က အိမ်တိုင်ရာရောက် သွားရောက်ပြီး ပူးဇော်ကန်တော့မှာ ဖြစ်ပါတယ်ဟု ကျောက်ဖြူမြို့နယ်ပညာရေးမှူး ဒေါ်နုနုသာ က ပြောကြားသည်။

ထိုသို့ပူဇော်ကန်တော့ရာတွင် ကျောက်ဖြူမြို့နယ်တွင် အသက်(၆၅)နှစ်အထက်ရှိပြီး မြို့နယ် အတွင်းအခြေစိုက်နေထိုင်မည့် ဆရာ၊ဆရာမကြီးများ ဖြစ်ရမည်ဖြစ်ကြောင်း၊ ရန်ကုန်တွင်အခြေစိုက် နေထိုင်ပြီး ကျောက်ဖြူသို့ အလည်ရောက်ရှိလာသည့် ဆရာ၊ဆရာမကြီးများကို ကော်မတီဆုံးဖြတ် ချက်ဖြင့် ကန်တော့ခံပုဂ္ဂိုလ်များထဲတွင် ထည့်သွင်းထားခြင်း မရှိကြောင်း၊ တစ်ခြားမြို့နယ်မှ ပင်စင်ယူပြီးဖြစ်သော်လည်း ကျောက်ဖြူမြို့တွင် အခြေစိုက်နေထိုင်သည့် ဆရာ၊ဆရာမကြီးများ ဖြစ်ပါက အကုန်ကန်တော့မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မြတ်ဆရာပူဇော်ပွဲကျင်းပခြင်းနှင့် ပတ်သက်၍ ပူဇော်ကန်တော့ခံ အသက်(၇၃)နှစ်အရွယ်ရှိပြီ ဖြစ်သည့် ဆရာမကြီး ဒေါ်တင်တင်အုန်း ကလည်း ခုလိုဆရာမကြီးတို့ အစပျိုးခဲ့တဲ့ မြတ်ဆရာပူဇော် ပွဲကို ဆက်လက်ပြီး အစဉ်အလာမပျက် ကျင်းပနိုင်တဲ့အတွက် အတိုင်းမသိဝမ်းသာမိပါတယ်၊ ဆရာ၊ ဆရာမတွေအနေနဲ့လည်း ကိုယ့်ရဲ့တပည့်တွေအပေါ် ကျောသားရင်းသား မခွဲခြားဘဲနဲ့ သင်ကြားပို့ချ ပေးဖို့ ပြောချင်တယ်၊ ခေတ်တွေဘယ်လိုပြောင်းပြောင်း၊ စနစ်ဘယ်လိုပြောင်းပြောင်း ဆရာ၊ ဆရာမ တွေ အနေနဲ့ စေတနာ၊ ဝါသနာ၊ အနစ်နာဆိုတဲ့ နာသုံးနာနဲ့ သင်ကြားပို့ချပေးချင်ပါတယ်၊ ဆရာ သည် လူသားဉယျာဉ်မှူး၊ ပညာသည်သာ ရတနာဆိုတဲ့အတိုင်း တပည့်တွေကို ကြိုးစားပြီးသင် ကြားပို့ချကြဖို့ ပြောချင်ပါတယ်ဟု ၎င်းက ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ ၂၁၇၁ ဦးရှိကြောင်း၊ ဆရာ၊ ဆရာမတစ်ဦးစီအား တစ်လလျင် ၅၀၀ ကျပ်နှုန်းကောက်ခံ၍ ပုံမှန်လစဉ် မြန်မာ့စီးပွားရေးဘဏ်တွင် ငွေစုစာအုပ်ဖွင့်ကာ ပဒေသာပင်စိုက်ထူပြီး မြတ်ဆရာပူဇော်ပွဲ ကျရောက်သည့်ကာလမှသာ ထုတ်ယူ၍ပူဇော်ကန်တော့ခြင်း ဖြစ်ကြောင်း၊ ယခုနှစ်တွင် မြတ်ဆရာ (၁၃၄) ဦးအား တစ်ဦးလျှင် ငွေကျပ် တစ်သိန်းနှစ်သောင်းကျပ်စီကို သွားရောက်ကန်တော့ခြင်း ဖြစ်ကြောင်း၊ ပညာရေးမိသားစု တစ်ခုလုံး၏ ဒါနကုသိုလ်ဖြစ်၍ အထူးဘဲ ပီတိဖြစ်ကာ ဝမ်းမြောက်မိကြောင်း၊ နောင်နှစ်တွေလည်း ယခုထက်ပိုမိုအောင်မြင်အောင် ပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း