သီပေါမြို့နယ်တွင် Pilot Project အစီအစဉ်အရ ရပ်ကွက်၊ ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ Mobile စနစ်ဖြင့် စစ်ဆေးဆောင်ရွက်ပေးလျက်ရှိ

သီပေါ အောက်တိုဘာ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် Pilot Project အစီအစဉ်အရ ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေး ဆောင်ရွက်ပေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိအသင်းအဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့မှယမန်မွန်းလွှဲပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက် ၊ ကျေးရွာ များသို့သွားရောက်၍  စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာ၌ သီပေါမြို့နယ်အတွင်းရှိ မြို့လယ်ရပ်ကွက်၊ အုတ်ကျင်းရပ်ကွက်နှင့် စံဖိတ်ကျေးရွာ၊ တုံစင့်ကျေးရွာများမှ ပြည်သူ(၆၈)ဦးကို  ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ကို RDT Test Kit ဖြင့်  ကျန်းမာရေးဝန်ထမ်းများက စစ်ဆေးပေးခဲ့ရာ (၁၈) ဦးတို့တွင်  ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရကြောင်း၊ အဆိုပါ (၁၈)ဦးမှာ သီပေါမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသခံယူလျက် ရှိကြောင်း၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူများကိုလည်း စစ်ဆေးဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းများကို Mobile စနစ်ဖြင့် ကွင်းဆင်း ဆောင်ရွက်လျက်ရှိပြီး မြို့နယ်အတွင်းရှိကျန်ရှိနေသော ရပ်ကွက်/ကျေးရွာများတွင်လည်း ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ဆက်လက်၍ သွားရောက်စစ်ဆေး ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်တစ်ဦး ထံမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)