ဟိုပန် အောက်တိုဘာ ၅
ဟိုပန်မြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပြားပေးအပ်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေး အဖွဲ့ ရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ တိုင်း/ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ များနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ဟိုပန်ခရိုင်/ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ တက် ရောက်ခဲ့သည်။
အခမ်းအနားတွင် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်က အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၏ လမ်းညွှန်ချက်နှင့် အညီ မြန်မာနိုင်ငံသားတိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများကို ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး လုပ်ငန်းများကို အမြန်ပြီးစီးအောင်မြင်ရေးအတွက် ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရာတွင် တရားမျှတသော အထွေထွေရွေးကောက်ပွဲဖြစ်ရန် လိုအပ်သောကြောင့် မဲဆန္ဒရှင်တိုင်း ဥပဒေအရ ကိုင်ဆောင်ခွင့်ရှိသော နိုင်ငံသားစိစစ်ရေးကတ်၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ဖြစ်ခွင့်လက်မှတ် တစ်မျိုးမျိုးကိုင်ဆောင်ခွင့်ရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာမှ ဝန်ထမ်းများက အမြန်ပြီးစီးအောင် ဆောင်ရွက် ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် ဒေသ ခံပြည်သူများအနေဖြင့် ပန်းခင်းစီမံချက်ဆိုင်ရာ လုပ်ငန်းစဉ်နှင့်ပတ်သက်၍ သိရှိနားလည် ပူးပေါင်း ပါဝင်လာစေရန်အတွက် လက်ကမ်းစာစောင်များကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များကပေးအပ်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက လက်ခံရယူခဲ့ကြပြီး ဟာဖြတ်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင် စကားပြောကြားခဲ့သည်။
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးရာတွင် ပထမအကြိမ်၌ (၁၃၃)ကတ်ကို ဆောင်ရွက် ပေးနိုင်ခဲ့ပြီး ယခုဒုတိယအကြိမ်တွင်စံပြကျေးရွာအုပ်စုမှ(၅၅)ကတ်၊ မော်ဟွေ့ ကျေးရွာအုပ်စုမှ (၃၈) ကတ်၊ ဟာဖြတ်ကျေးရွာအုပ်စုမှ(၂၂)ကတ်၊ မိန်းပန်းလွယ်ရပ်ကွက်မှ (၂၈)ကတ်၊ ခလရ(၁၄၃)မှ (၂၄) ကတ်၊ ပန်လုံမြို့အမှတ်(၈)ရပ်ကွက်မှ (၃၂)ကတ်တို့အား အသီးသီး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
စိုင်းနိုင်လင်း (ပြန်/ဆက်)