တောင်ကြီး အောက်တိုဘာ ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရှမ်းပြည်နယ်ခရီးစဉ်အတွင်း လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီအချိန်က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရှမ်းပြည်နယ်ခရီးစဉ်အတွင်း လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများအား ရှင်းလင်းရာ လမ်းဦးစီးဌာန၊ ကျေးလက်ကဏ္ဍ၊ စည်ပင်ကဏ္ဍ၊ ဆည်မြောင်းကဏ္ဍ၊ စက်မှုကြီးကြပ်ရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ အားလုံးတို့သည် ပေါင်းစပ်ဆောင်ရွက်ရန်နှင့် တောင်ကြီးမြို့ အဆင်းလမ်း ကမ်းပါးယံတွင် မြက်များတွဲလောင်း ကျနေမှု၊ သစ်ပင်များဆိုင်း၍ ရေစက်များ ကတ္တရာလမ်းပေါ်ကျကာ လမ်းပျက်စီးနိုင်သောကြောင့် သစ်ပင်ကိုင်းများ ရှင်းလင်း ပေးရန်နှင့် အဆင်းလမ်း အကွေ့ ချိုင့်များတွင် အမှိုက်များပြည့်နေသဖြင့် စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်ပေးရန်၊ အင်းလေးကန်သွားသည့်လမ်းများ ကောက်ကွေ့နေသဖြင့် လမ်းဒီဇိုင်းများဆွဲကာ လမ်းဖြောင့်အောင် ဆောင်ရွက်ပေးရန်နှင့် အင်းလေးဇုန်ကို သွားသည့်နေရာတွင် လှပနေမှုရှိနိုင်ရန် လမ်းကို တစ်ဖြောင့်တည်း ဆောင်ရွက်ပေးရန် မွေးမြူရေးကဏ္ဍတွင်လည်း အေးသာယာ၌ရှိသော မွေးမြူရေးဇုန် (၁) ဇုန် (၂) ရှိသဖြင့် ဇုန် (၂) မှ မွေးမြူရေးဇုန်ကို ဇုန်(၁)သို့ တစ်ဖြည်းဖြည်း လာရောက် ပေါင်းနိုင်ရန် မှာကြားပါကြောင်း၊ ဝက်မွေးမြူရေးဇုန်တွင်လည်း နောင်တွင် ဝက်မွေးမြူမှု များရှိပါက မွေးမြူရေးဇုန်တွင် ထည့်သွင်း ဆောင်ရွက်ပေးရန်၊ စက်မှုဇုန်ထဲတွင် အလုပ်လုပ်ကိုင်မှု မရှိဘဲ လူနေထိုင်မှုများ ရှိနေသဖြင့် တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူးမှ သေချာစိစစ်ပေးရန်၊ လယ်ယာမြေကဏ္ဍတွင်လည်း သေချာစိစစ်ပေးပြီးမှ ထုတ်ပေးရန်မှာကြားပါကြောင်း၊ စိုက်ပျိုးရေး ကဏ္ဍတွင် လည်း ပိုးသတ်ဆေးများပြားစွာ သုံးစွဲနေမှုကို တွေ့ရသဖြင့် မသုံးစွဲနိုင်ရန် စိုက်ပျိုးရေး ဦးစီးဌာနမှ ပညာပေးဆောင်ရွက်နိုင်ရန် မှာကြားလိုကြောင်း၊ အင်းလေးဒေသတွင် ကျွန်းမျှောများ မတိုးချဲ့ရန်နှင့် အင်းလေးကန်အတွင်း ခြံစည်းရိုးခတ်ထားမှု တွေ့ရှိနေရသဖြင့် မခတ်နိုင်ရန် ဆောင်ရွက်ပေးစေလိုကြောင်း၊ တောင်ကြီးမြို့ကို သန့်ရှင်းသာယာလှပရေးအတွက် မြောင်းများ ဆည်ယူပေးရန် စည်ပင်သာယာဌာနအနေဖြင့် ဆောင်ရွက်ပေးရန်၊ နမ့်ပန်တက်မှ တက်လာပါက မြို့သာယာလှပရေးအတွက် သစ်ပင်များစိုက်ပျိုးပေးရန်၊ လမ်းဘေးတွင်လည်း ပလပ်စတစ်များပြား နေသဖြင့် ပလပ်စတစ် free ဇုန်အဖြစ် သေချာလုပ်ပေးရန် မှာကြားသွားပါကြောင်း၊ အင်းလေး ဒေသတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ပေးနိုင်ရန်နှင့် ကူးစက်မှု နှုန်းလျော့ကျမှသာ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် သေချာကြီးကြပ် ဆောင်ရွက်ပေးရန် မှာကြားသွားပါကြောင်း၊ စိုက်ပျိုးရေးတွင်လည်း ပင်းတယ၊ နမ့်စန်၊ ဟဲဟိုး၊ ဟိုပုံးတို့တွင် စိုက်ပျိုးမွေးမြူရေးကို တွန်းအားပေး ဆောင်ရွက်ပေးရန် မှာကြားသွားပါကြောင်း၊ နို့စားနွားမ အိမ်ခြံမွေးမြူရေးအတွက်လည်း မှာကြားလိုပါကြောင်း၊ တောင်ကြီးမြို့တွင် လူနေမှု ထူထပ်သဖြင့် နောင်တွင် ရေရှားပါးမှု မရှိစေရေးအတွက် ကြိုတင် တိုင်ပင်ဆွေးနွေးကြရန် မှာကြား ပါကြောင်း၊ လမ်းသန့်ရှင်းမှုတွင် အားနည်းမှု တွေ့ရှိရပါကြောင်းနှင့် တောင်ကြီးမြို့ အတက်အဆင်း လမ်းတွင် လမ်းနံဘေးရှိ လမ်းကာတုံးများကို အဝါ၊ အနက် ဆေးသုတ်ရန် လမ်းဦးစီးဌာနကို မိမိ အနေဖြင့် ပြောကြားလိုကြောင်း၊ ခရီးသွားမြို့တော် ပြုလုပ်ဆောင်ရွက်နိုင်ရန် မြို့သာယာလှပရေး အတွက် သစ်ပင်များ စိုက်ပျိုးပေးရန်လိုကြောင်း၊ ယနေ့တက်ရောက်လာသည့် ဌာနဆိုင်ရာများ ဖြစ်သည့် လမ်းဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးလက်ဖွံ့ဖြိုးရေး၊ သစ်တောဌာနတို့သည် နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်နှင့် အားလုံးဆွေးနွေးပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တိုင်းရင်းသား ရေးရာဝန်ကြီးတို့မှ လုပ်ငန်းကဏ္ဍ အသီးသီးအလိုက် ဆွေးနွေးကြ၍ တက်ရောက်လာသည့် ဌာနဆိုင်ရာများကလည်း မိမိတို့ ဆောင်ရွက်ရမည့် လုပ်ငန်းကဏ္ဍအလိုက် ဆွေးနွေးရှင်းလင်းကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိဂုံးချုပ်စကား ပြောကြား ခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)