မြောက်ဦး အောက်တိုဘာ ၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ ယာယီဖွင့်လှစ်ထားသော တိုက်ပွဲရှောင်စခန်းများ သို့လာရောက်ခိုလှုံရန် ရောက်နေကြသည့် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီက သတ်မှတ်စုရပ်(၂)နေရာ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ ကိုဗစ် -၁၉ ကာ ကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်ကာကွယ်ဆေး (Sinopharm) ဆေးများ ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိ၊ မြို့ပေါ်ရပ်ကွက် ဘုန်းတော်ကြီးကျောင်းများတွင် ယာယီဖွင့်လှစ်ထားသော တိုက်ပွဲ ရှောင်စခန်းများဖြစ်သော မြို့သစ်ဘုန်းတော်ကြီးကျောင်း ယာယီတိုက်ပွဲရှောင်စခန်းနှင့် သျှစ်သောင်းဘုန်းတော်ကြီးကျောင်း ယာယီတိုက်ပွဲရှောင်စခန်းများမှ အသက်(၁၈)နှစ်အထက် ပြည်သူများအား မြောက်ဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ ဉက္ကဋ္ဌ ဦးစိုးစိုးသက်၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ခင်မောင်သန်းဦးဆောင်သော မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တိုက်ပွဲရှောင်စခန်းများမှ စခန်းတာဝန်ခံများပူးပေါင်း၍ တိုက်ပွဲရှောင်ပြည်သူများကို (Sinopharm) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။ ထိုသို့ (Sinopharm) ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးရာတွင် မြို့ပေါ်ရပ်ကွက်များရှိ တိုက်ပွဲရှောင်စခန်းများမှ အသက် (၁၈)နှစ်အထက် ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လမ်းညွှန် ချက်များနှင့်အညီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးတွင်း အောက်ဆီဂျင် ပါဝင်မှုပမာဏများ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရောက်ရှိမှသာ ကာကွယ်ဆေးထိုးနှံ ပေးခြင်းဖြစ်ပြီး ဆေးထိုးနှံပေးပြီးနောက် မိနစ်(၃၀)ခန့် စောင့်ကြည့်ခြင်းများ စီစဉ်ဆောင်ရွက် ပေးလျက်ရှိပြီး ယနေ့နံနက်ပိုင်းအထိ မြောက်ဦးမြို့ပေါ်ရပ်ကွက်များရှိ တိုက်ပွဲရှောင်စခန်း (၂)ခုမှ အသက်(၁၈)နှစ်အထက် ပြည်သူ(၂၃၈)ဦးအား (Sinopharm) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ခင်မောင်ထွန်း