အမ်း အောက်တိုဘာ ၅
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အောက်တိုဘာလ (၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာဆရာများနေ့ အထိမ်းအမှတ်အဖြစ် အငြိမ်း စားကျောင်းအုပ်ဆရာကြီးတစ်ဦးနှင့် အောက်ပါအတိုင်းတွေ့ဆုံမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ပါ တယ်။
မေး။ မင်္ဂလာပါ ဆရာကြီးရှင့် ဆရာကြီးအမည်နှင့်နေရပ်လိပ်စာလေးကိုပြောပြပေးပါ ဆရာကြီးရှင့်။
ဖြေ။ ဆရာကြီးရဲ့အမည်ကတော့ ဦးခင်မောင်ကြည် မူလတန်းကျောင်းအုပ် ဆရာကြီးနဲ့ အငြိမ်းစားယူခဲ့ပ်တယ်။ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် အမှတ်(၃) ဈေးရပ်ကွက်မှာနေပါတယ်။
မေး။ ဆရာကြီးပင်စင်ယူခဲ့သည့် ခုနှစ်သိချင်ပါတယ်ရှင်။
ဖြေ။ ကျွန်တော်အငြိမ်းစားယူခဲ့တဲ့ခုနှစ်ကတော့ (၁၈ - ၉ - ၂၀၁၈)မှာ အငြိမ်းစား ပင်စင်ယူခဲ့ပါတယ်။
မေး။ ဆရာကြီးပင်စင်မယူခင် တာဝန်ထမ်းဆောင်ခဲ့ရတဲ့ ကျောင်းတွေအကြောင်းနှင့် ဆောင်ရွက်မှုတွေ ပြောပြပေးပါအုံးရှင်။
ဖြေ။ ဆရာကြီးကပညာရေးလောကသို့ ၁၉၈၀-ခုနှစ် အမကမြောက်ရွာမှာ စတင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်၊ ၁၉၈၅ မှာ ညှောင်ချောင်း၊ ၁၉၈၆ မှာ ကံဇလီကျေးရွာတို့မှာ မူလတန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ပြီး ကျောင်းအုပ်နဲ့ ၁၉၉၀ မှာ မီးလောင်ချောင်းကျေးရွာသို့ ထပ်မံပြောင်းခဲ့တယ်၊ ၁၉၉၁ မှာ မူလတန်းကြီးကျောင်းအုပ်နဲ့ စမ်းကြီးရွာသာယာကျေးရွာမှာ (၂၄)နှစ်တာဝန် ထမ်းဆောင်ခဲ့ပြီး ဆက်လက်၍ အမှတ်(၅)ဈေးတောင်ရပ်ကွက်မှာ မူလွန် ကျောင်းအုပ်ဆရာကြီးအဖြစ် ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ - ခုနှစ်မှာ သက်ပြည့်ပင်စင် အငြိမ်းစားယူခဲ့ပါတယ်။
မေး။ ဆရာကြီးတာဝန်ထမ်းဆောင်စဉ် ကာလအတွင်းကျောင်းသားလူငယ်တွေ လိမ္မာယဉ်ကျေးအောင် ပြုစုပျိုးထောင်တဲ့နေရာမှာ ဆရာ၊ ဆရာမတွေရဲ့ အရေးပါမှုကို သိချင်ပါတယ်ရှင်။
ဖြေ။ ဆရာ၊ဆရာမတွေရဲ့ အခန်းကဏ္ဍကအများကြီးအရေးပါပါတယ်၊ ဆရာဝန် (၁)ယေက်ဆေးထိုးမှားခဲ့ရင် လူနာတစ်ယောက်သေဆုံးရပါတယ်၊ ဆရာ/ဆရာမတစ်ယောက်ပြုစု ပျိုးထောင်မှုမှားခဲ့ရင် မျိုးဆက်သစ်တစ်စုနီးပါး မှားနိုင်ပါတယ်၊ အခြေခံကအစ စာလုံး၊ သတ်ပုံအမှားတွေသင်မိခဲ့ရင်ဖျောက်ဖျက်လို့မရ၊ နှုတ်ကျိုးသွားလို့မဖြစ်ပါဘူး၊ အဲဒါတွေမမှားအောင် တာဝန်ထမ်း ဆောင်စဉ်ကာလအတွင်း အမြဲတမ်းပြုပြင် ပြောင်းလဲပေးရပါတယ်။
မေး။ ဆရာကြီးရှင့် ကမ္ဘာဆရာများနေ့အထိမ်းအမှတ် အမှတ်တရစကားလေးတွေ ပြောကြားပေးပါအုံးရှင့်။
ဖြေ။ ကမ္ဘာဆရာများနေ့ အမှတ်တရကတော့ ဆရာ/ဆရာမများ ကိုဂုဏ်ပြုပေးတဲ့ ကြည်နူးစရာဝမ်းသာစရာပါ။ ကမ္ဘာနဲ့ချီပြီးဂုဏ်ပြုချီးမြှင့်တာမို့ တက်ကြွပျော်ရွှင်နေကြမှာအမှန်ပါ။ အဲလိုမျိုးဂုဏ်ပြုချီးမြှင့်မှုတွေရှိတဲ့အခါ ဝမ်းသာပီတိဖြစ်ပါတယ် ရှိလည်းရှိစေချင်ပါတယ်။
မေး။ ဆရာကြီးရှင့် မျိုးဆက်သစ် ကျောင်းသား/သူ လူငယ်များအတွက်ဆုံးမစကား လက်ဆောင်လေးပြောပေးပါအုံးရှင့်။
ဖြေ။ ကျောင်းသားလူငယ်များက ဗုဒ္ဓတရားတော်နှင့်အညီ ကြီးသူကိုရိုသေ၊ ရွယ်သူကို လေးစား၊ ငယ်သူကိုသနားဆိုတဲ့ ဗုဒ္ဓတရားတော်နဲ့အညီ ကျင့်ကြံနေထိုင် စေလိုပါတယ်။
မေး။ ယခုလိုပြောကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာကြီးရှင့်၊
ဖြေ။ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် ယခုလိုပြောကြားခွင့်ရတဲ့အတွက် ဝမ်းမြောက်ရပါ တယ်။
ဝင်းအိမွန်