ပင်းတယမြို့နယ်တွင် အသက်(၆၀)နှစ်နှင့် အထက်သက်ကြီးရွယ်အိုများနှင့် အသက်(၅)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်

ပင်းတယ အောက်တိုဘာ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ပင်းတယမြို့နယ်ရုံးမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်အတွင်း ထိခိုက်လွယ်အုပ်စုများဖြစ်သည့် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီးပြန်လည် နေကောင်းကျန်းမာလာသူ အသက်(၆၀)နှစ်နှင့် အထက်သက်ကြီးရွယ်အိုများ၊ အသက်(၅)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အဖွင့်အမှာစကား ပြောကြားပေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးထွန်းထွန်းဦး၊ ဦးချစ်စိန်၊ ဦးခင်မောင်ချို၊ အတွင်းရေးမှူး ရဲမှူးမင်းသိန်းနှင့် လူမှုဝန်ထမ်းဦးစီးရုံးမှ ဦးစီးမှူးဒေါ်စုထားဝေတို့မှ ထောက်ပံ့ငွေများအား သက်ဆိုင်ရာသို့ ပေးအပ်သည်။

အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် (၁-၈-၂၀၂၁)ရက်နေ့မှ (၂၀-၈၂၀၂၁)ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံရပြီး ပြန်လည်နေကောင်းကျန်းမာလာသူ ပင်းတယမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စုရှိ အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၂၂)ဦးနှင့် အသက်(၅)နှစ်အောက် ကလေး(၁၁)ဦး၊ စုစုပေါင်း လူဦးရေ (၃၃)ဦးတို့အား တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၉၉၀,၀၀၀)အား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ပင်းတယ (ဒေသပြန်/ဆက်)