ကျောက်တန်း အောက်တိုဘာ ၅
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်၌ စက်မှုဇုန်အတွင်းရှိ စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများနှင့် လုပ်သားများအားကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sonovac) ဒုတိယအကြိမ် ဆက်လက်ထိုးနှံခြင်းကို ယနေ့နံနက် ၁၀ နာရီက သတ်မှတ်နေရာ ၃ နေရာ၌ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် ကျောက်တန်းမြို့နယ် သီလဝါအထူးစီးပွါးရေးဇုံအတွင်းရှိ စက်ရုံဝန်ထမ်းများ အား အ.ထ.က(ခွဲ) အေးမြသီတာကျောင်းတွင် စုရပ်အဖြစ်လည်းကောင်း၊ စက်မှုဇုံပြင်ပရှိ ဆန်စက်နှင့်အခြား လုပ်သားများအား ကျောက်တန်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် ကမာကလုတ်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတို့တွင်လည်းကောင်း လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် စုရပ်များခွဲကာ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်၌ ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးများကိုဆက်လက်ထိုးနှံပေးလျက် ရှိရာ အောက်တိုဘာလ ၄ ရက်နေ့အထိ ပထမအကြိမ် ထိုးနှံပြီးသူ(၄၄,၂၃၀)ဦး ဖြစ်ပြီး ပထမအကြိမ်နှင့် ဒုတိယအကြိမ် (၂)ကြိမ် ထိုးနှံပြီးသူ (၁၃,၃၈၅)ဦး ရှိပြီကြောင်းနှင့် ကျန်ရှိနေသော စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများနှင့် လုပ်သား များအား သတ်မှတ်နေရာများတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဆုရတနာလှဌေး ထံမှသိရသည်။
ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ( ၄၈၅) ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၄၃၂) ဦး၊ ဆေးကုသမှုခံယူနေသူ ( ၈) ဦး နှင့် သေဆုံးသူ (၄၅ )ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်