တိုက်ကြီး အောက်တိုဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း စားဝတ်နေရေး အထောက်အကူ ဖြစ်စေရန် နှင့် ကုန်ဈေးနှုန်းများ ကျဆင်းစေရန် ရည်ရွယ်လျက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ စီစဉ်မှုဖြင့် အခြေခံ စားသောက်ကုန်များကို ဈေးကားများဖြင့် ဈေးနှုန်းသက်သာစွာ လှည့်လည် ရောင်းချပေးလျက် ရှိသည်။
ထိုသို့ရောင်းချပေးရာတွင် ယနေ့နံနက် ၈ နာရီ အချိန်ခန့်က တိုက်ကြီးမြို့နယ် ဈေးရပ်ကွက်၊ မြို့လယ်လမ်း၊ မြို့မဈေးနှင့် ပိတောက်ဝါရှေ့တို့တွင် အမဲသား တစ်ပိဿာလျှင် ငွေကျပ် (၁၂၀၀၀) နှုန်းဖြင့် (၁၀) ပိဿာ၊ ဆိတ်သား အရိုး အသား တစ်ပိဿာလျှင် ငွေကျပ် (၁၂၀၀၀) နှုန်း၊ အသားရှယ် တစ်ပိဿာလျှင် ငွေကျပ် (၁၇၀၀၀) နှုန်းဖြင့် (၅၅) ပိဿာအား ရောင်းချပေးခဲ့သည်။
အဆိုပါ စားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းများနှင့်အညီ စနစ်တကျဝယ်ယူ ရောင်းချနိုင်စေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး၊ အဖွဲ့ဝင် (၂) ဦးမောင်မောင်လတ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးထိုက်ဝင်းနှင့် ဝန်ထမ်းများ၊ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းကာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင်