တံတားဦး ၊ အောက်တိုဘာ - ၅
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်းရှိ အသက်(၅၅)နှစ်အထက်နှင့် ဦးစားပေး အဆင့်လိုက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို တံတားဦးမြို့ အမှတ်(၃)ရက်ကွက် သုခိတ ကမ္ဘောဇ ဗိမာန်တွင် ယနေ့နံနက်ပိုင်းအထိ လူဦးရေပေါင်း ( ၇၃၇၅ )ဦးထိုးနှံပေးပြီး ဖြစ်ကြောင်းသိရသည် ။
ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးကို ကျန်ရှိသောပြည်သူများအား ဦးစားပေး အစီအစဉ်အလိုက် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တံတားဦးမြို့နယ်အတွင်း ကူးစက်ရောဂါမဖြစ်ရေး၊ ကြိုတင်ကာကွယ်နိုင်ရေး၊ ရောဂါကူးစက်မှု လျော့နည်းရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး အသံချဲ့စက်ဖြင့်လှည့်လည်ပြီး အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ထားရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ ပြောကြားချက်အရသိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာသို့ တံတားဦးမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ ၊ စေတနာ့ရှင် ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးကြသည် ။
တံတားဦးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆေးထိုးစုရပ်များတွင် လာရောက်ထိုးနှံ ပေးကြပြီး အောက်တိုဘာလ(၉)ရက်နေ့အထိ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲတင့်(တံတားဦး)