မိုင်းတုံ အောက်တိုဘာ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့အဝင် ဂိတ်(၃) ဂိတ်၌ နေ့စဉ် နံနက် ၈ နာရီခွဲမှ ညပိုင်း ၉ နာရီအချိန်အ ထိ အရှိန်အဟုန်မပြတ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့ဝင်ဂိတ်(၃)ဂိတ်ဖြစ်သော တောင်ကြီးအဝင်ဂိတ်၊ နောင်ပါရင်ဂိတ်၊ ဟောင်လီဂိတ်တို့မှ ယမန်နေ့ က ဖြတ်သန်းသွားလာသော၊ မော်တော်ယာဉ်(၄၅)စီးမှ ခရီးသည် (၉၇) ဦးတို့အား ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်း ခရီးသွားရာဇဝင်မှတ်သားခြင်း၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ထောက်ခံချက်များ ပါရှိ/မပါစစ်ဆေးခြင်း၊ သတ်မှတ်ချိန်တွင် RDT Test Kit ဖြင့် စစ်ဆေးခြင်းနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးထုတ်ပြန်ချက်များနှင့်အညီ ခရီးသွား လာရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်မိုး၏ကြီးကြပ်မှုဖြင့် ကျန်းမာရေး၊ ထွေ/အုပ်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပါဝင်သောအဖွဲ့က နေ့စဉ် နံနက် ၈ နာရီခွဲမှ ည ၉ နာရီအထိ အလှည့်ကျဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝင်းဝင်းခိုင် (မိုင်းတုံ ပြန်/ဆက်)