နောင်တရား အောက်တိုဘာ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ ကျေးလက်ကျန်းမာရေးဌာန၌ ကျန်းမာရေးဝန်ထမ်းများက ငါးနှစ်အောက် ကလေးငယ်များကို ယနေ့နံနက်ပိုင်းတွင် ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးများကို သတ်မှတ်ထားသည့်အကြိမ်နှင့် သတ်မှတ်ထားသည့် အသက်အရွယ်တွင် ဆေးထိုး၊ ဆေးတိုက်ပေးနိုင်မှ သာလျှင် ကလေးငယ်များတွင် ပြင်းထန်တီဘီရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါ(ဘီ)ရောဂါ၊ ဦးနှောက် အမြှေးရောင်ရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဝက်သက်ရောဂါ၊ ဂျိုက်သိုးရောဂါနှင့် သားအိမ်ခေါင်းကင်ဆာ ရောဂါတို့မှ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ ကာကွယ်ဆေးများထိုးနှံရာတွင် မွေးကင်းစမှ နှစ်လ၊ လေးလ၊ ခြောက်လ၊ ကိုးလ၊ တစ်နှစ်ခွဲ၊ ကိုးနှစ်၊ ဆယ်နှစ်ဟူ၍ လအလိုက်၊ နှစ်အလိုက် ခွဲခြားပြီး ကာကွယ်ဆေးထိုးနှံခြင်းကို လစဉ်ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းကို ကျန်းမာရေးဝန်ထမ်းများ၊ လူမူရေးအသင်းအဖွဲ့နှင့်မိခင်များက ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)