လယ်ဝေးမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်

လယ်ဝေး    အောက်တိုဘာ ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ပလွေးချောင်း(ချောင်းမငယ်ချောင်း) ရေမြင့်တက်မှုကြောင့် ရေနောက်မျောပါ လူနေအိမ်များနှင့် ကြိုတင်ဖျက်သိမ်း ရွှေ့ပြောင်းလူနေအိမ် အိမ်ထောင်စုများအား ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ယမန်နေ့ ညနေ(၃)နာရီက ချောင်းမငယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့်တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ ပေးအပ်သည့်ငွေနှင့်ပစ္စည်းများကို အကျိုးရှိစွာအသုံးပြုရန်နှင့် အားပေးစကားများ ပြောကြားခဲ့သည်။

ထို့နောက် လယ်ဝေးမြို့နယ် လယ်တာကြီးကျေးရွာအုပ်စု၊ လယ်တာကြီးကျေးရွာ၊ ချောင်းမငယ်ကျေးရွာနှင့် ရှမ်းစုကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာတို့မှ ရေနောက်မျောပါ အိမ်ထောင်စု(၁၃)လုံးနှင့် ကြိုတင်ဖျက်သိမ်းရွှေ့ပြောင်း လူနေအိမ်(၂၁)လုံး၊ စုစုပေါင်း အိမ်ထောင်စု(၃၄)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး၊ ထောက်ပံ့ငွေ(၃၇)သိန်း၊ (၇)ရက်စာ ဆန်ဖိုးငွေ(၃၀၂၄၀၀)ကျပ်နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးမှ သီးသန့်လှူဒါန်းသည့် ဆီ(၁၅)ပိဿာ၊ ကြက်ဥ(၃၀၀)လုံး၊ ရေသန့်(၆)ဘူးပါ (၃၀) ကတ်၊ Mask(၅၀)ပါ (၃၀)ဖာနှင့် ခေါက်ဆွဲခြောက်(၂၄)ထုပ်ပါ (၃၀)ဖာတို့ကို နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်း၊ ဒက္ခိဏခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးနိုင်၊ လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမင်းကျော်သူ၊ အဖွဲ့ဝင် ဦးဝင်းအောင်နှင့် အတွင်းရေးမှူး ရဲမှူးတင်မောင်ဦးတို့က ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရ သည်။

မြို့နယ်(ပြန်/ဆက်)