ပေါက်တော အောက်တိုဘာ ၅
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ပုဏ္ဏားကြီးကျေးရွာအုပ်စု ငှက်ချောင်း(၁)နှင့် ငှက်ချောင်း (၂) IDPs စခန်းတို့တွင် ခိုလှုံနေကြသော ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရာ အသက်(၄၅)နှစ်အထက်နှင့် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ဒုတိယအကြိမ် (Sinovac Corona vac) ကာကွယ်ဆေးကို ယနေ့ နံနက် ၁၀ နာရီက ဆက်လက် ထိုးနှံပေးသည်။
အဆိုပါ IDPs စခန်းသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအား ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် အဖွဲ့ဝင်များ လာရောက်ကြည့်ရှုအား ပေးခဲ့ကြသည်။
ထို့သို့ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် ပေါက်တောမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ကိုကိုအောင် ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင် တိုင်းတာပေးခြင်းတို့ကို ပြုလုပ်ပေးကြပြီး ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးကြသည်။
ကာကွယ်ဆေးထိုးနှံရာ၌ ငှက်ချောင်း(၁) IDPs စခန်းတွင် အမျိုးသား+အမျိုးသမီး စုစုပေါင်း(၂၈၃)ဦးနှင့်၊ ငှက်ချောင်း (၂) IDPs စခန်းသို့ လာရောက်ထိုးနှံသူ အမျိုးသား/အမျိုးသမီး၊ စုစုပေါင်း (၃၄၇)ဦး ထိုးနှံလာကြသည်ကို သိရသည်။
ပေါက်တောမြို့နယ်၌ ဆင်တက်မော် IDPs စခန်း၊အနောက်ရဲ IDPs စခန်း၊ကြိမ်နီပြင် IDPs စခန်း၊ ငှက်ချောင်း(၁)IDPs စခန်းနှင့်၊ ငှက်ချောင်း (၂) IDPs စခန်း (၅) နေရာတို့တွင် ကိုဗစ်-၁၉-ရောဂါ ကာကွယ်ဆေး ထိုးနှံလာကြသူ စုစုပေါင်း(၁၄၀၃)ဦး ထိုးနှံခဲ့ကြကြောင်း သိရသည်။
ကျော်သန်း(မြို့နယ် ပြန်/ဆက်)