တနိုင်း အောက်တိုဘာ ၅
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် အခြေခံပညာအလယ်တန်း အထက်တန်းအဆင့် ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေးကွန်ပျူတာစာရင်းရေးသွင်းခြင်းဆိုင်ရာဆင့်ပွားသင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားဖွင့်လှစ်ခြင်းနှင့်ပတ်သက်ပြီး မြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ(မြို့နယ်အုပ်ချုပ်ရေးမှူး)ဦးအောင်စိုးမှ ပညာရေးဝန်ကြီးဌာန လက် အောက်ရှိ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းကျောင်းများတွင် ပညာသင်ယူ နေသော ကျောင်းသားကျောင်းသူများကို မြို့ပြ၊ ကျေးလက်မကျန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ စနစ်တကျထိုးနှံပေးမည်ဖြစ်ပါကြောင်း၊ ကာကွယ်ဆေး(၂)ကြိမ် ထိုးပြီးပါက ကျောင်းသားကျောင်းသူများ အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသော ကိုဗစ်-၁၉ရောဂါဆိုင်ရာလမ်းညွှန်ချက်များ နှင့်အညီကျောင်းများတွင် စိတ်ချလုံခြုံစွာ ပညာသင်ကြားသင်ယူခွင့်ရရှိမည်ဖြစ်ကြောင်း၊ ကျောင်းသားကျောင်းသူများအတွက် ပညာသင်ယူမှု အခွင့်အလမ်းရရှိမှာဖြစ်သည့် အပြင်ပြည်သူလူထု အတွင်းတွင် လည်းဦးတည်အုပ်စု အလိုက်ကာကွယ် ဆေးများထိုးနှံခြင်းဖြင့် ကာကွယ်ဆေးထိုး လွှမ်းခြုံမှုများ မြင့်မား လာပြီး ရောဂါဖြစ်ပွားမှုကိုလည်း တားဆီးကာကွယ်နိုင်သည့် အကျိုးရလာဒ်များ ရရှိမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက်မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင် (မြို့နယ်ပညာရေးမှူး) ဒေါ်ရွှေနယ် ဇိန်းမှ အခြေခံပညာ အထက်တန်း၊ အလယ်တန်းအဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံနိုင်ရေး ဆွေးနွေးပြောကြားသည်။
ဆင့်ပွားသင်တန်းကို သင်တန်းနည်းပြ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ဒုတိယ ဦးစီးမှူး ဦးပြေသိမ်းအောင်က ပို့ချပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ပညာရေး ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက် ခဲ့ကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှမြင့်၊ ဗိုလ်မှူးတေဇာအောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်း၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲ ဦးစီးအရာရှိ ဦးကျော်သက်ပိုင်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝါဦး ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ဝါဝါ(ပြန်/ဆက်)