တံတားဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ရေးနည်းလမ်းများနှင့်ပြည်သူများအား ကာကွယ်ဆေးဆက်လက်ထိုးနှံပေးရန် စာရင်းများပေးသွင်းရေး အသိပေးနှိုးဆော်

တံတားဦး  အောက်တိုဘာ  ၅

 

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်မအတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့် အသက်(၁၈)နှစ်အထက် ရောဂါကြိုတင်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးမည် ဖြစ်ပြီး စာရင်းများပေးသွင်းရေးကို ယနေ့နံနက်(၁၀)နာရီက  အမှတ်(၂)ရပ်ကွက် အိမ်သစ်တန်းရပ်တွင် Hand Speaker ဖြင့်လှည့်လည်အသိပေးနှိုးဆော်ကြောင်းသိရသည် ။

အဆိုပါ နှိုးဆော်ချက်များတွင်  ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက်  နေအိမ်အတွင်း၌သာ နေထိုင်ကြရန် ၊ မိမိတို့အိမ်တွင် ပြင်ပမှပြန်လာသော ဧည့်သည်များကို လက်မခံကြရန် ၊ မိမိတို့ကလည်း အခြားနေအိမ်နှင့် အခြားသူများထံ မသွားရောက်ကြရန် ၊ မဖြစ်မနေအပြင်သို့သွားလာရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask တို့ကိုစနစ်တကျလုံခြုံစွာ တပ်ဆင်အသုံးပြုရန်၊ လက်သန့်ဆေးရည်ဖြင့် ဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့ တို့ကိုပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်း၊ ထိတွေ့ခြင်း များမပြုလုပ်ကြရန်နှင့် ရောဂါပိုးကူးစက်ခံရနေသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာ ရေးဌာနများ သို့ ဆက်သွယ်၍ ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက်  ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးက  ကိုယ်စီလိုက်နာဆောင်ရွက်ကြပြီး  ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်နှင့် ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရေးအတွက် Hand Speaker ဖြင့် လိုက်လံအသိပေးခြင်းဖြစ်ကြောင်းသိရသည်။

ကိုဗစ်-၁-၉ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ဦးစားပေးအဆင့်အလိုက် ထိုးနှံပေး လျက်ရှိရာ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့်အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများအနေဖြင့် ဆေးထိုးစုရပ်များတွင် စာရင်းပေးသွင်းပြီးကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း ကာကွယ်ဆေးထိုးနှံ ပြီး သူများအနေဖြင့်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းများ နှင့်အညီ သတိပြုသွားလာနေထိုင်ရေးတို့ကို ပြည်သူများသိရှိစေရန် အသိပေးနှိုးဆော်ကြောင်းလည်း သိရသည် ။

 

ရဲတင့်(တံတားဦး)