လိမ္မာပဲ့ပြင်သင်စပေသည်၊ ဆရာမည်၏

 

ချမ်းအေးသာစံ     အောက်တိုဘာ   ၅

"အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင်ရာအပ်ပို့ "ဟူသော ကျင့်ဝတ် ငါးဖြာနှင့်အညီ အတတ်ပညာများကို သင်ကြားပေးရုံသာမက တပည့်များအပေါ်ကျရောက်မည့် အန္တရာယ်များကို ကာကွယ်ပေးပြီး လမ်းမှန်ရောက်အောင် ဆုံးမပဲ့ပြင်ပေးသော ဆရာ၊ ဆရာများ သည် တပည့်များအတွက် မိဘများဟု ဆိုရလျှင်လည်း မမှားနိုင်ပေ။ ဘုရားနှင့် တစ်ဂိုဏ်းတည်း ထားရသော အနန္တငါးပါးတွင် တစ်ပါးအပါအဝင် ဖြစ်သည့် ဆရာ၊ ဆရာမများကို အသိမှတ်ပြု သည့် အနေဖြင့် ကမ္ဘာ့ဆရာများနေ့အဖြစ် အောက်တိုဘာလ ၅ရက်နေ့ကို သတ်မှတ်ခဲ့ကြရာ မြန်မာနိုင်ငံတွင် ၂၀၀၂ခုနှစ်ကစပြီး ကျင်းပခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

   ကမ္ဘာ့ဆရာများတွင် ပါဝင်သည့် မြန်မာ့ဆရာများသည် သီလ၊ သမာဓိ၊ ပညာ၊ သိက္ခာနှင့် ပြည့်စုံပြီး နိုင်ငံဝန်ထမ်း အဓိဌာန် ၆ချက်၊ ဆရာများ သစ္စာအဓိဌာန် ၆ချက်၊ ဆရာမြတ်အင်္ဂါ ၈ပါး၊ မြတ်ဆရာ ခံယူချက် ၅ချက်၊ ဆရာဂုဏ်အင်္ဂါ ၂၅ပါး၊ ဆရာ့ကျင့်ဝတ် ၅ပါး၊ စေတနာ၊ ဝါသနာ၊ အကြင်နာ၊ သနား၊ ဂရုဏာ၊ အနစ်နာ၊ စံနမူနာဆိုသည့် နာ (၇)နာဖြင့် ပြည့်စုံကြသည်။ ယင်းတို့ သည်ကား မြန်မာ့ဆရာများ၏ ထူးခြားချက်ပင် ဖြစ်သည်။ ယင်းကဲ့သို့ ဂုဏ်ကျေးဇူးကြီးမားသည့် ဆရာ၊ ဆရာမများကို ဂုဏ်ပြုသည့် အနေဖြင့် အငြိမ်းစားပင်စင်ယူထားသည့် ကျောင်းအုပ် ဆရာကြီး၊ ကျောင်းအုပ်ဆရာမကြီး၏ ဘဝအတွေ့အကြုံများ၊ ယခုခေတ်နှင့် ယခင်ခေတ် ဆရာ နှင့် တပည့် ဆက်ဆံရေးပြောင်းလဲလာမှုအပေါ် အမြင်များ၊ ကမ္ဘာ့ဆရာများနေ့နှင့် ပတ်သက်ပြီး ဆရာကြီး၊ ဆရာမကြီးများ၏ ပီတိစကားသံများကို ယခုလို တွေ့ဆုံမေးမြန်း ထားပါတယ်။

နိုင်ငံခြားဘာသာ တက္ကသိုလ် (မန္တလေး)

ပါမောက္ခချုပ် ( ငြိမ်း ) ဆရာကြီး ဦးပိုမြင့်

မေး ။  ။  ကမ္ဘာ့ဆရာများနေ့ ကျင်းပကြတဲ့အပေါ် ဆရာ့ရဲ့ပီတိစကားသံလေး ပြောပေးပါအုံးရှင့်။

ဖြေ။    ။ အခုလို ဆရာ၊ ဆရာမတွေကို အလေးနက်ထားပြီးတော့ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ဆိုပြီး လုပ်ပေးကြတဲ့အတွက် ကျွန်တော်တို့ ဆရာများအနေနဲ့က အတော်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ အရင်ကတော့ ဆရာများနေ့ဆိုတာ သီးခြားမရှိခဲ့ဘူး။ အခုနောက်ပိုင်း ကမ္ဘာအနေနဲ့ ကမ္ဘာ့ဆရာများနေ့ဆိုပြီး သီးသန့်လုပ်ပေးတဲ့အတွက်မှာ ဝါရင့်တဲ့ ဂုဏ်သရေရှိ ဆရာကြီးတွေအတွက် ဂုဏ်ပြုလက်မှတ်တွေ ချီးမြှင့်ပေးတာတွေ ရှိတော့ အများ ကြီးဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ဆရာတွေကို ချီးမြှောက်တဲ့ ကိစ္စလေးတွေ ဆက်လက်ပြီး ဆောင်ရွက်ပေးနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သပေးပါတယ်။

မေး။     ။ ယခုခေတ် ဆရာတပည့် ဆက်ဆံရေးနဲ့ အရင်ခေတ် ဆရာတပည့် ဆက်ဆံရေးတွေ အပေါ် ဆရာ့အမြင်လေးပြောပေးပါရှင့် ။

ဖြေ။ ။ အရင်ခေတ်ကတော့ လူဦးရေကလည်း နည်းတယ်ဆိုတော့ ဆရာနဲ့ တပည့် ဆက်ဆံရေး မှာ လူနည်းတဲ့အတွက် ရင်းနှီးကြတယ်။ ကျွန်တော်တို့ ဆရာဖြစ်တဲ့ ခေတ်ကျတော့လည်း တပည့်က အရမ်းမများသေးတော့ တပည့်တွေနဲ့ရင်းနှီးမှုက အဆင်ပြေခဲ့ပါတယ်။ အခုနောက် ပိုင်း ခေတ်တွေကျတော့  ကျောင်းသူ ကျောင်းသား အရေအတွက်ကလည်း များလာတယ်။ ဆရာ၊ ဆရာမအရေအတွက်ကလည်း များလာတယ်။ ပညာရေးအနေအထားအနေနဲ့ကလည်း ပညာရပ်အနေနဲ့က အမှတ်များများရမှ လိုင်းကောင်းဝင်မယ်ဆိုတဲ့ အနေအထားလေးတွေ ရှိလာတဲ့အခါကျ ရိုးရိုးဆရာတွေ သင်တာအားမရလို့ ပြင်ပကနေ သင်တန်းလေးတွေ သင်ကြ တယ်ဆိုတော့ ဆရာနဲ့တပည့် အတန်းထဲမှာ သင်တဲ့ ရင်းနှီးမှုလေး အားနည်းနည်းလာတဲ့ သဘောပေါ့။ သို့သော်လည်း အပြင်က သင်တဲ့ဆရာကလည်း ဆရာဘဲ ဖြစ်တဲ့အတွက်ကြောင့် သူတို့ကို အကျိုးရှိအောင် သင်ပေးတဲ့ ဆရာဆိုရင်တော့ တကယ်ကြည်ညိုလေးစားပြီးတော့ လိုက်နာကြတဲ့ အနေအထားဖြစ်ပါတယ်။ များသောအားဖြင့် ရှေးတုနး်က ဆရာတပည့် ဆက်ဆံ ရေးက သိပ်ကိုကောင်းတယ်။ ရင်းနှီးတယ်။ လေးစားတယ်လို့ ထင်ကြပြီး အခုနောက်ပိုင်းကျ တော့ ဆရာတွေကို သိပ်ပြီး အသိအမှတ်မပြုဘူးဆိုပြီး ပြောနေကြတဲ့အပိုင်းကတော့ ခေတ် အပေါ်မှာဘဲ ကျွန်တော်မြင်ပါတယ်။

မေး  ။          ။   ဆရာအနေနဲ့ လူငယ်လေးတွေကို ဘာများ အမှာစကားပါးချင်ပါသလဲရှင့် ။ 

ဖြေ ။ ။ ကျောင်းသူကျောင်းသားများအနေနဲ့လည်း ကိုယ်တိုင်က အခုတပည့်အနေနဲ့ ပညာသင်ကြားနေတယ်။ တစ်ချိန်မှာ ဘယ်လိုအလုပ်လုပ် ဆရာက ဖြစ်ကို ဖြစ်လာမှာ လူတိုင်းက တကယ်ကျ ကိုယ့်လောက် မသိတဲ့သူကို သင်ကြားလိုက်ရင် ကိုယ်က ဆရာဘဲ။ လူတိုင်းက တပည့်ဖြစ်သလို လူတိုင်းက ဆရာဖြစ်နိုင်တယ်။ အဲတော့ ဆရာဆိုတဲ့ လူတန်းစားက သီးခြားအနေနဲ့ ရှိနေတာမဟုတ်ဘူး။ ပညာတစ်ရပ်ရပ်ကို သင်ပေးနေရင် အဲဒါက ဆရာဘဲ။ ဆရာမှာလည်း ဆရာ့ရဲ့ ဂုဏ်ဆိုတာ ရှိပါတယ်။ အရင်ကတော့ လက်ဦးဆရာမည်ထိုက်စွာ ပုပါစရိယ မိနှင့်ဖဆိုပြီးတော့ အမိအဖများကို မိဘလည်း ဖြစ်တယ်။ ကျွန်တော့အနေနဲ့ အဲဒီ ထက် ဆန်းလိုက်ရင် ဆရာတွေ ကိုယ်တိုင်က မိဘဂုဏ်ရှိနေကြတာတွေ့ရပါတယ်။ မိဘကျေးဇူး မှာ မကောင်းမေတ္တာ ကောင်းရာ ညွှန်လတ် အတတ်သင်စေ ပေးဝေနှီးရင်း ထိမ်းမြားခြင်း လျှင်ဆိုတဲ့ ဂုဏ်တွေက မိဘတွေရဲ့ ဂုဏ်ပေါ့။ အဲတော့ ဆရာတွေရဲ့ ဂုဏ်တွေကို ပြန်ကြည့်လိုက ်ရင် မကောင်းမေတ္တာဆိုတာ ဆရာတွေက ကိုယ့်တပည့်တွေကို မကောင်းတာမှန်သမျှကို မြစ်တားတယ်။ ကောင်းရာညွှန်လတ်ဆိုတော့ ကောင်းတာကိုလည်း ညွှန်ကြားပေးကြတာပါ။ အတတ်သင်စေဆိုတော့ အဲဒါက ဆရာတွေ သင်ကြားပေးကြရတာပါ။ ပေးဝေနှီးရင်းဆိုတော့ ဆရာတွေက ဝင်ငွေအနေနဲ့ ပေးမှ အရင်းနှီးပေးတာ မဟုတ်ဘူး။ လုပ်ငနး်တစ်ခု လုပ်နိုင်အောင် သင်ကြားပေးတဲ့ ပညာကလည်း သူ့ရဲ့ ဘဝရဲ့ အကြီးမားဆုံးအရင်းနှီးဆိုတော့ ပေးဝေနှီးရင်းပေါ့။ တချို့ကပြောမှာပေါ့။ ဆရာတွေက ထိမ်းမြားခြင်းမပါဘူးဆိုတော့ ဆရာ၊ ဆရာမတွေ အောင်သွယ်ပေးလိုက်လို့ လက်ထပ်ထိမ်းမြားသွားတဲ့ တပည့်တွေလည်း အများကြီးဘဲ။ ဒါတင်မ ကဘူး။ တပည့်တွေ တစ်ယောက်နဲ့ တစ်ယောက် လက်ထပ်ကြပြီဆိုရင် ဆရာတွေက မပါမဖြစ် သူတို့ဝိုင်းပြီး စေ့စပ်ပေးကြတယ်ဆိုတဲ့အပိုင်းပါလိုက်တော့ ဆရာတွေကလည်း မိဘတွေရဲ့ ဂုဏ်ရှိနေတဲ့အတွက်ကြောင့် ဆရာဟာလည်း မိဘနဲ့ တစ်ကိုင်းတည်းထားတယ်။ ဆရာ၊ဆရာ မတွေရဲ့ ကျေးဇူးကို သိတတ်တာတွေက ကျွန်တော်တို့ကို ပြန်ပြီး အကျိုးပေးတယ်။ ကျွန်တော်တို့ မိဘ ဆွေမျိုး ဘိုးဘွားက မချမ်းသာခဲ့ပေမယ့် ကျွန်တော်တို့ အခုနေရထိုင်ရတာက ကျွန်တော်တို့ ဒီခေတ်ကာလမှာ သူများတွေအနေနဲ့ ရှားပါးတယ်ဆိုပေမယ့် ကျွန်တော်တို့ အနေနဲ့က ချမ်းသာတာမဟုတ်ပေမယ့် မရှားပါးဘူး။ သဘောကတော့ ကျွန်တော်တို့ ဆရာ အပေါ်မှာ သိတတ်တဲ့အတွက် အကျိုးပေးတယ်လို့ ယုံကြည်ပါတယ်။ အဲလို ယုံကြည်ချက်က သိပ်ကို အရေးကြီးပါတယ်။ မိမိတို့ ဆရာသမားတွေရဲ့ဂုဏ်ကျေးဇူးကိုအလေးနက်ထားပြီးတော့ ကျေးဇူးဆပ်ကြပါ။ မြတ်စွာဘုရား ဟောကြားတဲ့ အထဲမှာ ကျေးဇူးကို သိတာကိုက မင်္ဂလာ သိတယ်ဆိုရင်သိပြီး တတ်နိုင်သလောက် ကျေးဇူးကိုဆပ်တာက မင်္ဂလာရှိတဲ့အတွက် မင်္ဂလာရှိ တဲ့ လုပ်ငန်းကို ဆပ်နိုင်သမျှ ဆပ်ပေးကြပါလို့ ကျွန်တော့အနေနဲ့ မှာကြားလိုပါတယ်။

မန္တလေးပညာရေးကောလိပ် ဒုတိယကျောင်းအုပ် (ငြိမ်း)

ဆရာမကြီး ဒေါ်အေးရွှေ

မေး   ။     ။  ဆရာမရဲ့ ဘဝအတွေ့အကြုံလေး ပြောပေးပါအုံးရှင့် ။

ဖြေ။    ။        ကျွန်မအနေနဲ့ကတော့ ၁၉၆၄ကစပြီး အထက်တန်းပြအဖြစ် စတင်တာဝန် ထမ်းဆောင်ခဲ့ပြီး အနှစ်၄၀ကြာ ပညာရေးဌာနမှာ ကထိက အထက်တန်းကျောင်းအုပ်၊ ဆရာအတတ်သင် ကျောင်းအုပ်၊ အဲကနေ ပညာရေးကောလိပ်မှာ ဒုတိယကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး တပည့်ပေါင်းများစွာကို ပြုစုပျိုးထောင်ခဲ့ပါတယ်။ ၂၀၁၉ခုနှစ် ကမ္ဘာ့ဆရာများနေ့မှာ ပညာရေးဝန်ကြီးဌာနရဲ့ ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်အဖြစ် ဂုဏ်ပြု မှတ်တမ်းတင်ခြင်းကိုလည်း ခံခဲ့ရပါတယ်။

မေး   ။     ။  ကမ္ဘာ့ဆရာများနေ့နဲ့ ပတ်သက်ပြီး အမှတ်တရစကားလေး ပြောပေးပါအုံးရှင့် ။

ဖြေ ။  ။  ကမ္ဘာ့ဆရာတွေထဲမှာပါတဲ့ မြန်မာ့ဆရာတွေကို ဘုရားနဲ့တစ်ဂိုဏ်းထဲထားပြီး မြန်မာလူဘောင်အဖွဲ့အစည်းက သတ်မှတ်တန်ဖိုးထားခံရခြင်းက ကမ္ဘာ့ဆရာတွေနဲ့ မတူတဲ့ မြန်မာ့ဆရာတွေရဲ့ ထူးခြားတဲ့ဝိသေသလက္ခဏာတစ်ရပ် ဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း သူ့နည်းသူ့ဟန်နဲ့ ဆရာ၊ဆရာမတွေကို အလေးထားနေရာတွေ သတ်မှတ်ပေးတာတွေ တွေ့ရပေမယ့် ဘယ်နိုင်ငံကမှ မြန်မာနိုင်ငံကို မမှီနိုင်ဘူးလို့ ပြောနိုင်ပါတယ်လို့ အခြေခံပညာ ညွှန်ကြားရေးမှူးချုပ် အငြိမ်းစား ဆရာကြီး ဒေါက်တာ ဦးသန်းဦးက ပြောကြားဖူးခဲ့တာကို မှတ်သားခဲ့ဖူးပါတယ်။ ဆရာ၊ ဆရာမတွေဆိုတာ မိမိတတ်ကျွမ်းတဲ့ ပညာနဲ့ လောကကို အလှဆင်ပေးနေသူ၊ ဆရာ၊ ဆရာမတွေရဲ့ မေတ္တာ၊ စေတနာတွေ၊ အကြင်နာတွေက တပည့်တွေရဲ့ သောကတွေကို ပြေပျောက်စေသူတွေ တပည့်တွေကို လူ့လောကအလယ်မှာ တင့်တယ်ထည်ဝါစွာ တိုးတက်အောင်မြင်၊ ကြီးပွားအောင် လေ့ကျင့်ပျိုးထောင် ပေးနေသူ၊ လူသားအရင်းမြစ်ဖြစ်တဲ့ မျိုးဆက်သစ် လူငယ်များကို လူသားစွမ်းရည် မြင့်မားအောင် ကြိုးပမ်း အားထုတ်နေသူများ ဖြစ်လို့ ဂုဏ်ပြုထိုက်သူတွေ ဖြစ်ပါတယ်။ အဲလို ဂုဏ်ကျေးဇူးကြီးမားတဲ့ ဆရာတွေကို ဂုဏ်ပြုပေးတဲ့နေ့ကို ကျင်းပပေးလို့ ဝမ်းမြောက် ဂုဏ်ယူမိပါတယ်။ ကျွန်မအနေနဲ့ လည်း နိုင်ငံရဲ့ အနာဂတ်အတွက် အားထားရမယ့် လူငယ်တွေကို ပြုစုပျိုးထောင်ပေးနေတဲ့ ဆရာ၊ဆရာမတွေရဲ့ အလှက ကမ္ဘာမှာလည်း ထင်ရှားပေါ်လွင်နေပါတယ်၊ တပည့်တွေ ဘ၀ တင့်တယ်လှပအောင် ပုံသွင်းထုဆစ်ပေးကြတဲ့ လူသားပန်းပုဆရာ၊ ဆရာမများကို လေးစား ဂုဏ်ပြုချင်ပါတယ်။

အခြေခံပညာ အထက်တန်းကျောင်းအုပ်ကြီး (ငြိမ်း)

ဆရာကြီး ဦးထွန်း(မန္တလေး)

မေး ။  ။  ကမ္ဘာ့ဆရာများနေ့ ကျင်းပကြတဲ့အပေါ် ဆရာ့ရဲ့ ပီတိစကားသံလေး ပြောပေးပါအုံးရှင့် ။

ဖြေ  ။   ။ ကမ္ဘာ့ဆရာများနေ့က ကျွန်တော်တို့ ဆရာ၊ ဆရာမတွေကို အသိအမှတ်ပြုတဲ့ နေ့တစ်နေ့ဖြစ်တဲ့အတွက် အထူးလည်း ပိုပြီး ဝမ်းသာပါတယ်။ ဆရာ၊ ဆရာမတွေဆိုတော့ တပည့်လေးတွေက ကိုယ့်ကိုယ်ကို မမေ့ဘဲ သတိတရ ဂါဝရပြုကြတော့ ဝမ်းသာတာပေါ့ဗျာ ။

မေး    ။     ။ ယခုခေတ် ဆရာတပည့် ဆက်ဆံရေးနဲ့ အရင်ခေတ် ဆရာတပည့် ဆက်ဆံရေးတွေ အပေါ် ဆရာ့အမြင်လေးပြောပေးပါရှင့် ။

ဖြေ  ။     ။    ကျွန်တော်တို့ ကျောင်းသားဘ၀ လွန်ခဲ့တဲ့ နှစ်တွေတုန်းကဆိုရင် ကိုယ့်ရဲ့ဆရာ၊ ဆရာမများနဲ့ မိဘများရဲ့ သွန်သင်ဆုံးမမှုကို လိုက်နာကျင့်သုံးပြီး တိုးတက်အောင် ဆောင်ရွက်ခဲ့ တာများပါတယ်။ အခုနောက်ပိုင်းမှာတော့ ကျောင်းသားကျောင်းသူတွေက အဲလိုသိပ်မရှိတော့ ဘူး။ နည်းနည်း ဂါဝရတရားတွေ နည်းလာတဲ့ အစိတ်အပိုင်းတွေ တွေ့ရတယ်။ ကျွန်တော်တို့ ငယ်စဉ်ဘဝတုန်းက ဆရာ၊ ဆရာမများရဲ့ သွန်သင်ဆုံးမမှုနဲ့ သင်ကြားမှုကို အပြည့်အဝလိုက်နာ ကျင့်သုံးပြီး အခုလိုဘဝမျိုးဖြစ်လာတာ ဖြစ်ပါတယ်။ အခုခေတ်မှာတော့ အဲလိုမဟုတ်တော့တဲ့ အတွက် နည်းနည်းလျော့ရဲလာတဲ့ အပိုင်းကို တွေ့ရပါတယ်။ အရင်တုနး်က ဆရာနဲ့ ကျောင်းသားအချိုးက တကယ့်ကို လိုက်ဖက်ညီပါတယ်။ ကျောင်းသား အင်အားလည်း နည်းတယ်။ ဆရာ ဆရာမလည်း ရှိတယ်။ သို့သော် ခုခေတ်အနေအထားက တပည့်အင်အားက လည်း များလာတယ်။ ဆရာ ဆရာမ အင်အားကလည်း များလာတဲ့အတွက် အနည်းနဲ့အများ အမှားယွင်းတွေ ရှိလာတဲ့အတွက် ဂါဝရတရားနည်းလာတာကို တွေ့ရပါတယ်။

မေး။  ။   နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ပညာရေးရဲ့ အခန်းကဏ္ဍက ဘယ်လောက်အရေးပါတယ်လို့ ထင်မိပါသလဲရှင့်။

ဖြေ။   ။  ပညာရေးကတော့ နိုင်ငံတကာမှာ တကယ့်ဦးစားပေး အဆင့်တစ် ပေးရတဲ့ ဌာနချည်းပါဘဲ၊ ပညာမတတ်ရင် သူ၏ ဝန်ထမ်းဖြစ်မှာဘဲ ပညာတက်ခဲ့လို့ရှိရင် တကယ့်ကို ကောင်းမွန်တဲ့ နေရာဌာနတွေ ရရှိမှာ ဖြစ်ပါတယ်။ သို့သော် ပညာနဲ့ သင်ညာနဲ့ ခွဲခြားစိတ်ဖြာပြီး သေသေချာချာ နားလည်သဘောပေါက်ပြီး မိမိရဲ့ ဘဝတိုးတက်မှုနဲ့ နိုင်ငံရဲ့တိုးတက်မှုကို သေသေချာချာ ဆောင်ရွက်နိုင်ခဲ့လို့ ရှိရင် တိုင်းပြည်တိုးတက်မှာ ဖြစ်ပါတယ်။ အဲလိုမှ ခွဲခြားစိတ်ဖြာပြီး မသိဘူးဆိုရင် အလကားဖြစ်မှာပါ။ ပြီးတော့ ရှေးခေတ်နဲ့ မတူတာကတော့ အခုခေတ်က အီလက်ထရွန်းနစ်ခေတ်ဖြစ်တဲ့အတွက် နည်းပညာတွေ သိပ်ပြီးတိုးတက်လာ တယ်။ အဲလိုတိုးတက်လာတဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဝမ်းသာပါတယ်။ သို့သော် ဖြစ်ပေါ်လာတဲ့ အီလက်ထရွန်းနစ် ပညာရပ်ကို မှန်မှန်ကန်ကန် သပ်သပ်ရပ်ရပ် ကိုယ့်အတွက် အကျိုးရှိမယ့် နေရာမှာ အသုံးချမှု နည်းပြီးတော့ မဟုတ်တဲ့ လုပ်ငန်းတွေ ပညာရပ်တွေကို တကယ့်အတွေးခေါ်ပိုင်းဆိုင်ရာက အဆင့်မြင်တယ်လို့ ယူဆပြီး ဆောင်ရွက်နေတဲ့အတွက် သင်ကြားရေးရော သင်ယူမှုရော လျော့နည်းလာတာဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့က နည်းပညာပိုင်းဆိုင်ရာ တိုးတက်လာတာကို ဝမ်းသာတယ်။ သို့သော် တိုးတက်လာတဲ့ နည်းပညာ ကို မှန်မှန်ကန်ကန် မဆောင်ရွက်နိုင်တဲ့အတွက် ဝမ်းနည်းမိပါတယ်လို့ဘဲ ပြောချင်ပါတယ်။

အခြေခံပညာအထက်တန်း ကျောင်းအုပ် (ငြိမ်း)

ဆရာမကြီး ဒေါ်ခင်ထွေး (မန္တလေး)

မေး။  ။  ကမ္ဘာ့ဆရာများနေ့ ကျင်းပကြတဲ့အပေါ် ဆရာမရဲ့ ပီတိစကားသံလေး ပြောပေးပါအုံးရှင့် ။

ဖြေ ။      ။   ဆရာ၊ ဆရာတွေရဲ့ ဂုဏ်ကျေးဇူးကို သိတတ်ပြီး ကမ္ဘာ့ဆရာများနေ့ ကျင်းပပေးတာ ပီတိဖြစ်တာပေါ့။ အဲလိုနေ့ ကျင်းပပေးတာမပြောနဲ တပည့်တွေကနေ ဆရာ ဆရာမကို " မင်္ဂလာပါ ဆရာမ ၊ နေကောင်းရဲ့လား " လို့ မေးလိုက်ရင် နှုတ်ဆက်ရင်ကို ဆရာ၊ ဆရာမက ပီတိဖြစ်တာပါ။ " တပည့်မရှား တပြားမရှိ " ဆိုတာ ဆရာ၊ ဆရာမတွေရဲ့ ပီတိပေါ့။ တိုင်းပြည် တာဝန်ထမ်းဆောင်နေပြီး တကယ့်ကို အထက်တန်းရောက်သွားတဲ့ တပည့်မျိုးတွေ တွေ့ရင် ပိုပြီး ပီတိဖြစ်ရပါတယ်။ သူတို့က အသိမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ အသိမှတ်လည်း ပြုကြပါတယ်။ အဲလိုဆိုရင်ကို ဒါက ငါ့ရဲ့ တပည့် ဘယ်ဌာနမှာ ရောက်နေတာလေ။ ဘယ်သူ လေ။ ဆိုပြီးတော့ ဂုဏ်ယူဝမ်းမြောက်တာတွေ ဖြစ်ရပါတယ်။ တိုးတက်တဲ့ ကလေး လိမ်မာတဲ့ ကလေးကို တွေ့ရင် ပိုပြီးတော့ ပီတိဖြစ်ရပါတယ်။ တကယ်တမ်းကကျ ကမ္ဘာ့ဆရာများနေ့ ဆိုတာ မရှိခင်ကတည်းက ကျွန်မတို့ မြန်မာနိုင်ငံက ကမ္ဘာ့ဆရာများနေ့ မလုပ်ခင်ကတည်းက မြန်မာနိုင်ငံမှာ ဆရာကန်တော့ပွဲတွေ လုပ်ခဲ့ကြတယ်။ နည်းမျိုးစုံနဲ့ ကန်တော့ကျတယ်။ တန်ခူးလမို့ ကန်တော့ကြတာနဲ့ အခါကြီးရက်ကြီးမို့ ကန်တော့ ရတာနဲ့။ နောက်နည်းမျိုးစုံနဲ့ ကန်တော့ကြတယ်။ ဆရာ၊ ဆရာမတွေကို နည်းမျိုးစုံနဲ့ ကူညီစောင့်ရှောက်ကြပါတယ်။ ဆရာ၊ ဆရာမတွေကလည်း ကလေးတွေကို သူတို့ကို ထောက်ပံ့သည်ဖြစ်စေ မကူညီသည်ဖြစ်စေ မကန်တော့သည်ဖြစ်စေ ကိုယ့်ရဲ့တပည့်လေးတွေ ကောင်းစားနေတယ်။ ကိုယ့်အပေါ်ကို သိတတ်နေတယ်။ ကိုယ့်ကိုအသိမှတ်ပြုတယ်ဆိုရင်ကို ကျွန်မတို့ ဆရာမတွေက ဝမ်းသာ နေရတာပါ။

မေး    ။     ။ ယခုခေတ် ဆရာတပည့် ဆက်ဆံရေးနဲ့ အရင်ခေတ် ဆရာတပည့် ဆက်ဆံရေးတွေ အပေါ် ဆရာ့အမြင်လေးပြောပေးပါရှင့် ။

ဖြေ      ။     ။  အရင်ခေတ်က ဆရာ တပည့်ဆက်ဆံရေးက သားသမီး မိသားစုဆက်ဆံရေးလို ပုံစံမျိုးပေါ့။ ကလေးတွေကလည်း ညီညာထကြွ ဆုံးမနာယူ လာမူကြိုဆီးဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီဘဲ ဆရာဆရာမ လာမယ့်လမ်းကို လှမ်းမျှော်ပြီး စောင့်နေကြတယ်။ ဆရာ၊ ဆရာမက လည်း ကလေးတွေကို ကိုယ့်ရဲ့ သားသမီးလေးတွေလို နှစ်နှစ်ကာကာ သူတို့အပေါ် စူးစိုက်ပြီး တော့စေတနာထားခဲ့တာ။ စူးနစ်မှု ပိုပြီးများခဲ့တယ်။ နောက်ကလေးတွေကလည်း ဘာပြသနာရှိရှိ ရင်ဖွင့်ပြီးတော့ ဆရာနဲ့ တပည့် ပူးပေါင်းပြီးတော့မှ ပြသနာလေးတွေကို ဖြေရှင်း ကြတယ်။ အခုချိန်မှာက ခေတ်ကာလအလျောက် ဆရာရော တပည့်ရောက အချိန်နဲ့ တပြေးညီ လှုပ်ရှားရုန်းကန်နေကြရတော့ အချိန်က မရတော့ဘူး။ အဲတော့ ဆရာတပည့် ဆက်ဆံရေးက နည်းနည်းကျဲသွားတယ်လို့ ထင်မိတယ်။

မေး   ။      ။  ဆရာမအဖြစ် အလုပ်ခဲ့တဲ့ အတွေ့အကြုံများနဲ့ ပတ်သက်ပြီး ပြောပေးပါရှင့်။

ဖြေ   ။      ။  ငယ်ငယ်ကတည့်က ကျွန်မက ဆရာ၊ ဆရာမဖြစ်ချင်တာ ဘာလို့လဲဆိုတော့ ကျွန်မတို့ခေတ်တုနး်က ဆရာ၊ ဆရာမက ကိုးကွယ်ရာဘဲ ဆရာ၊ ဆရာမကို အားကိုးကြတယ်။ အဲလိုဖြစ်ချင်ခဲ့ပြီး ဆရာမဖြစ်လာတဲ့အခါကျလည်း ဘာမှနောင်တရစရာ ဘာမှမရှိပါဘူး။ ကလေးမျိုးစုံနဲ့ တွေ့တော့ တွေ့ရတာပေါ့။ နည်းနည်းဆိုးတဲ့ကလေး လိမ္မာတဲ့ကလေး စာတော်တဲ့ကလေး စာညံ့တဲ့ကလေး လူမျိုးစုံနဲ့တွေ့ရပေမယ့် ဆရာ၊ ဆရာမဆိုတာ မိဘလိုဘဲ ဆိုးတော့ ဆိုးတဲ့ ကလေးမို့ ချစ်ရတယ်။ လိမ်မာတော့လည်း လိမ်မာတဲ့အလျောက် ချစ်ရတာဘဲ အဲတော့ ဒီကလေးတွေအပေါ်ကို ကျွန်မက စိတ်မကွက်ခဲ့သလို ဆရာ၊ ဆရာမတွေအပေါ်လည်း စိတ်မကွက်ခဲ့ပါဘူး။ ကျောင်းသားဘဝတုန်းက ကိုယ်မကြိုက်တာ ရှိခဲ့ရင်တောင် ကိုယ်ဆရာမ ဖြစ်တဲ့အခါ အဲလိုမဖြစ်စေရဘူးဆိုတာမျိုးကို စိတ်ထဲမှာ ပိုက်ပြီး ပြုပြင်ခဲ့ပါတယ်။ ဝမ်းမြောက် ပီတိဖြစ်တာတွေဘဲ ရှိခဲ့ပါတယ်။

 ဆရာဟူသည် နိူင်းဆချင့်ချိန်ဆုံးဖြတ်တတ်သည့် ပုဂ္ဂိုလ်ဟု ဆိုနိုင်သလို မြန်မာ့အဘိဓာန်ထဲ မှာလည်း ဆရာဟူသော ဝေါဟာရကို ပညာသင်ကြားပေးသူ၊ သွန်သင်ဆုံးမ နည်းလမ်းပြသူ၊ အတတ်လုပ်ငန်းတစ်ရပ်ရပ်တွင် ကျွမ်းကျင်သူဟု အဓိပ္ပာယ်ဖွင့်ဆိုထာသည်ကို တွေ့ရပါတယ်။ လက်တွေ့ လူ့ဘောင်အဖွဲ့အစည်းတွင်လည်း နိုင်ငံတစ်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်ပြီး အေးချမ်း သာယာသည့် နိုင်ငံအဖြစ် တည်ဆောက်ရာတွင် အဓိကအကျဆုံးပုဂ္ဂိုလ်များမှာ ဆရာ၊ ဆရာမများ ဖြစ်ပါတယ်။ " လိမ္မာပဲ့ပြင်သင်စပေသည်၊ ဆရာမည်၏ " ဟူသော ကိုခန်းပျို့ ဆရာ၏ အာဘော်နှင့်အညီ သွန်သင်ဆုံးမနည်းပြပေးရသူမှာ ဆရာများဖြစ်တယ်။ လောကကို ပညာဖြင့်အလှဆင်ပေးကြပြီး ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များကို မွေးထုတ်ပေးကြ သည့် ကျေးဇူး ကြီးမားကြသော ဆရာ၊ ဆရာမများကို ဂုဏ်ပြုသည့်အနေဖြင့် အောက်တိုဘာလ ၅ရက်နေ့ ကမ္ဘာ့ဆရာများနေ့ အမှတ်တရ ဆောင်းပါးကို ရေးသားဂုဏ်ပြုလိုက်ရပါသည်။

ထိပ်ထားနိုင်