မိုင်းကိုင်မြို့နယ်၊ ကျေးလက်နေပြည်သူများနှင့် စစ်ပွဲရှောင်ပြည်သူများကို ကျေးရွာအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်

မိုင်းကိုင် အောက်တိုဘာ ၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးခွင့်ရှိသူများအားလုံး  ထိုးနှံနိုင်ရေးအတွက်  ကျေးလက်နေပြည်သူများနှင့် စစ်ပွဲရှောင်ပြည်သူများ ကို ကျေးရွာအရောက် ကွင်းဆင်း၍  ကာကွယ်ဆေးများ  ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

မိုင်းကိုင်မြို့နယ်အတွင်း စက်တင်ဘာလ ၁၉ ရက်နေ့မှ ယနေ့ညနေပိုင်းအချိန်အထိ   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယ အသုတ်(ပထမ)အကြိမ်  ထိုးနှံရန်အကျုံးဝင်သူများထဲမှ ပန်ကေတု ကျေးရွာအုပ်စု စစ်ရှောင်စခန်းများသို့  ရောက်ရှိနေသော စစ်ပွဲရှောင်ပြည်သူ ၃၄၆ ဦးအပါအဝင် ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း ၄၅၅၅ ဦးရှိကြောင်း ၊ အောက်တိုဘာလ ၈ ရက်နေ့အထိ  ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း ၊ အောက်တိုဘာလ ၅ ရက်နေ့တွင် နောင်စံဖူးကျေးရွာအုပ်စု ၊ အောက်တိုဘာလ ၆ ရက်နေ့တွင် ပန်ဆတ်၊ ဝမ်လုံယန်းလွိုင် ကျေးရွာ အုပ်စု၊ အောက်တိုဘာလ ၇ ရက်နေ့တွင် တုံလော၊ လွယ်ကုန်၊ ဆန်ဟနှင့် ပန်ကေတုကျေးရွာအုပ်စု၊ အောက်တိုဘာလ ၈ ရက်နေ့တွင်  ကုံးလုံးကျေးရွာအုပ်စု  တို့တွင် ကျေးရွာဆေးထိုးစုရပ် အသီးသီး၌ ကွင်းဆင်း၍ ကာကွယ်များထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကွင်းဆင်းရန် အခက်အခဲရှိသော ဝမ်ဟွေလုံကျေးရွာအုပ်စုမှ ကျေးလက်နေပြည်သူများကို  အောက်တိုဘာလ ၆ ရက်နေ့တွင် မြို့နယ်ပြည်သူ့ဆေးရုံ စုရပ်၌ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချော(မိုင်းကိုင်)