မိုင်းယောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

မိုင်းယောင်း အောက်တိုဘာ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်ပြန့်ပွားမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရန် ရှမ်းဘာသာ၊ မြန်မာဘာသာများဖြင့် ရပ်ကွက်နှင့် ကျေးရွာများအရောက် ယနေ့တွင် လှည့်လည်နှိုးဆော် ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး ပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ပါ၊ အိမ်တွင် ဧည့်သည်လက်ခံခြင်း လုံးဝမပြုပါနှင့်၊ မိမိကိုယ်တိုင်လည်း ဧည့်သည်အဖြစ် သွားရောက် ခြင်း လုံးဝမပြုပါနှင့်၊ အိမ်တွင် အသက် ၆၅ နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူ (သို့မဟုတ်) ဆီးချို၊ သွေးချို၊ နှလုံး စသည့် နာတာရှည်ရောဂါတစ်ခုခု ခံစားနေရသူရှိပါက ထိုသူအား ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို တပ်ဆင်ထားစေပါ၊ လေဝင်လေထွက်ကောင်းသည့်နေရာတွင် နေစေပါ၊ မဖြစ်မနေ အပြင်ထွက် ရပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို မဖြစ်မနေတပ်ဆင်ပါ၊ လက်ကို စနစ်တကျဆေးကြောပါ၊ အခြားသူများနှင့် ခြောက်ပေ အကွာ ခပ်ခွာခွာနေပါ၊ လေဝင်လေထွက် မကောင်းသောအခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ပါ၊ လူစုလူဝေး လုံးဝရှောင်ကြဉ်ပါ၊ ဖြစ်နိုင်ပါက တစ်ပတ်လျှင်တစ်ကြိမ်ခန့်သာ ဈေးဝယ်ယူပါ၊ ပါးစပ်နှင့်နှာခေါင်းစည်း စနစ်တကျ တပ်ဆင် ထားခြင်းမရှိသော ဈေးရောင်းသူများထံမှ ဈေးမဝယ်ပါနှင့်၊ အပြင်ထွက်ရာမှ အိမ်ပြန် ရောက်သောအခါတွင် အိမ်သို့ရောဂါပိုးများ သယ်ဆောင်လာခြင်း မရှိစေရန် သတိပြုပါ၊ အသုံးပြုပြီး သော ပါးစပ်နှင့်နှာခေါင်းစည်း(Mask)နှင့် တစ်ခါသုံးပစ္စည်းများကို အိမ်အပြင်တွင် စနစ်တကျ စွန်းပစ်ပါ၊ အဝတ်အစားမလဲမီ၊ ကိုယ်လက်သန့်စင်ခြင်းမပြုမီ အိမ်သားများနှင့် အနီးကပ် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ၊ အလှည့်ကျရရှိသော ကာကွယ်ဆေးသည် မိမိအတွက်အကောင်းဆုံး ဖြစ်၍ ကာကွယ်ဆေးထိုးနှံခြင်းကို အကြိမ်ပြည့် ခံယူပါ၊ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာပါ၊ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် တတ်နိုင်သည့်ဘက်မှ လူအင်အား၊ ငွေကြေး၊ ပစ္စည်း၊ ကျွမ်းကျင်မှုပညာရပ်များဖြင့် စနစ်တကျ ပါဝင်ပူးပေါင်းပံ့ပိုးပေးကြပါရန် စသည့်ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူသို့ အသိပေး ပန်ကြားချက်ကို လှည့်လည်၍ တိုက်တွန်း နှိုးဆော်ခဲ့သည်။

အဆိုပါ အသိပညာပေးလုပ်ငန်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေး၊ ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း