နမ့်စန်(တ) အောက်တိုဘာ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် Mask မတပ်ဆင်ဘဲသွားလာနေကြသူများအား ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံထားရခြင်းရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးခြင်းကို မြို့နယ်မှ တာဝန်ရှိသူများက နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ခန်းမရှေ့၊ ပြည်ထောင်စု လမ်းမကြီးပေါ်တွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုး၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေး အသင်းအဖွဲ့များက မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင် နှင့် ကျန်းမာရေး ဝန်ထမ်းများနှင့်ပူးပေါင်းကာ ပြည်ထောင်စုလမ်းမကြီး ပေါ်တွင် Mask မတပ်ဆင်ဘဲ သွားလာနေသူ များကို ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေး၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ Mobile စစ်ဆေးမှုကို နံနက် ၉ နာရီ မှ နေ့လယ် ၁၁ နာရီ ခွဲအတွင်း ဆောင်ရွက်၍ လမ်းမပေါ်တွင်သွားလာနေသူ စုစုပေါင်း ၇၅ ဦးကို စစ်ဆေးပေးခဲ့ပြီး မက်မွန်မုန်းကျေးရွာအုပ်စု ၊ အမှတ်(၂)ကျေးရွာမှ ၁၈ နှစ်အရွယ် အမျိုးသား ၁ ဦး ၊ ဝမ်ဟင်ကျေးရွာမှ ၁၅ နှစ်အရွယ် အမျိုးသား ၁ ဦး ၊ နောင်ဟီးကျေးရွာအုပ်စု ၊ ကုန်းဆာကျေးရွာ မှ ၂၃ နှစ်အရွယ် အမျိုးသမီး ၁ ဦး ၊ စုစုပေါင်း ၃ ဦးထံတွင် ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကာ အဆိုပါ ၃ ဦးအား မြို့နယ်ပြည်သူ့ဆေးရုံတွင် ကုသမှုပေးလျှက်ရှိကြောင်းသိရသည်။
နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုနှုန်း အမြန်ဆုံးလျှော့ချနိုင်ရန် အပြင်ထွက် သွားလာနေသူများအား RDT Test Kit ဖြင့် ကွင်းဆင်းစစ်ဆေး၍ ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ နေ့စဉ် ရှောင်တခင်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အတည်ပြုလူနာ ထပ်မံ တွေ့ရှိမှု နည်းပါး လာစေရန် အတွက် ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီထံမှ သိရသည်။
မြို့နယ်ပြန်/ဆက်