မြောက်ဥက္ကလာပ ဩဂုတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ခ)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး တွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြ သော ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ကျေးဇူးတင် ဂုဏ်ပြုပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက ဆောင်ရွက်ခဲ့သည်။
ရှေဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်က ပရဟိတစိတ်ဖြင့် ဆောင်ရွက်ခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ဂုဏ်ပြုစကား ပြောကြားပြီးနောက် ဂုဏ်ပြုမှတ်တမ်းလွှာများကို မြိုနယ် အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးပြည့်စုံ၊ နာရေးကူညီမှု အသင်း (ရန်ကုန်)မှ ဦးဆောင်ဒါရိုက်တာအဖွဲ့ဝင် ကိုမျိုး(မြန်မာစာ)က ကိုဗစ်-၁၉ရောဂါ ကာလအတွင်း အများပြည်သူ အကျိုးကို စိတ်အားထက်သန်စွာ ဝိုင်းဝန်းပူးပေါင်း ကူညီပေးခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး (၁၉)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ ကြောင်း သိရသည်။
ဆက်လက်၍ ကိုဗစ်-၁၉ "သူရဲကောင်း" ဆုများကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဦးဆောင် ဒါရိုက်တာအဖွဲ့ဝင် ကိုမျိုး(မြန်မာစာ)က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနသို့ ပေးအပ်ချီးမြှင့်ခဲ့ပြီး နာရေးကူညီမှု အသင်း(ရန်ကုန်)မှ ဝိုင်းဝန်းကူညီပေးခဲ့ကြသော မြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့် ရပ်ကွက်(၁၉)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)