ကျောက်ဆည် အောက်တိုဘာ ၅
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်းရှိ ဝါစိုက်တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လွန်ကျော်ဝါသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံမှ အရည်အသွေးနှင့် အထွက်နှုန်း ကောင်းသော ဝါမျိုးကောင်းမျိုးသန့်များ သုတေသနပြုစိုက်ပျိုးပြီး ဒေသနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့် ဝါမျိုးစေ့များ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရှိ ရသည်။
လွန်ကျော်ဝါသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံအနေဖြင့် ဝါစိုက်တောင်သူများ မျိုးစေ့ လိုအပ်ချက်ဖြည့်ဆည်း ပေးနိုင်ရေးအတွက် ယခုနှင့်မိုးရာသီတွင် ငွေချည်(၆)ဝါမျိုး(၁၀)ဧက၊ ငွေချည်(၈)ဝါမျိုး(၇၅)ဧက၊ ငွေချည်(၉)ဝါမျိုး (၁၀)ဧက၊ ငွေချည်(၁၁)ဝါမျိုး(၄၅)ဧကနှင့် ရွှေတောင်(၁၀)ဝါမျိုး(၁၀)ဧက စုစုပေါင်း (၁၅၀)ဧက စိုက်ပျိုးထားရှိပြီး မျိုးစေ့များဖြန့်ဝေ ပေးလျက်ရှိကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်က ပြောပြသည်။
ဝါတစ်ဧက စိုက်ပျိုးမည်ဆိုပါက စိုက်ပျိုးခြင်း၊ သားခွဲခြင်း၊ ပေါင်းရှင်းခြင်း၊ မြေဩဇာပတ်ကျဲခြင်း၊ ဆေးဖျန်းခြင်း၊ ရေတင်ခြင်း၊ ဝါကောက်သိမ်းခြင်း စသည့် လုပ်အားခအဖြစ် ငွေကျပ်(၃၁၀၄၀၀)၊ ထွန်/ထယ်နှင့် ကြားထွန်လိုက်ခအဖြစ် ငွေကျပ်(၄၈၀၀၀)၊ ယူရီးယား၊ ကွန်ပေါင်း၊ ပိုတက်၊ဘိုရွန်၊ ဇင့်၊ ဆာလဖာ၊ ရွက်ဖျန်းဆေးရည်၊ ရွှေမီဒါ၊ကာတက်၊ ပေါင်းသတ်ဆေး စသည့် အပင်အတွက် လိုအပ်သည့်ဆေးများ သုံးစွဲခအဖြစ် ငွေကျပ်(၆၀၆၄၅၀) ကုန်ကျကြောင်းနှင့် တစ်ဧကအထွက် နှုန်းမှာ (၄၀၀)ပိဿာမှ(၆၀၀)ပဿာအထိထွက်ရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)