ကျောက်ဖြူ အောက်တိုဘာ ၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ မင်းပြင်အိမ်ရာစခန်းတွင် နေထိုင်လျက်ရှိသည့် ဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များအား စာအုပ်စာပေကို လေ့လာဖတ်ရှုမှု ပိုမိုတိုးပွားလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီ က ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက အဆိုပါအိမ်ရာစခန်းသို့ သွားရောက်၍ ရွေ့လျားစာကြည့်တိုက် Mobile Library ဖွင့်လှစ် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်ယုယုနွယ် ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တာဝန်ရှိဝန်ထမ်းများက Mobile Library ဖြင့် သုတ၊ ရသ၊ ရုပ်ပြ၊ တေဇ၊ မဂ္ဂဇင်း/စာစောင် စသည့်စာအုပ်ပေါင်း ၅၀ ကျော်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ အဆိုပါအိမ်ရာ စခန်းနေ လူငယ်၊လူရွယ်များမှ စိတ်အားထက်သန်ပျော်ရွှင်စွာဖြင့် ငှားရမ်းခဲ့ကြသည်။
ရွေ့လျားစာကြည့်တိုက် ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ၎င်းအိမ်ရာစခန်းနေ အထက်တန်းပြဆရာမ ဒေါ်အိဖူးနွယ်ရီ က “အခုလိုမျိုး မိုဘိုင်းစာကြည့်တိုက်တွေ ဖွင့်လှစ်ပြီး ငှားရမ်းပေးတာ ကျွန်မအနေနဲ့ အရမ်းဘဲဝမ်းသာပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကိုဗစ်ကာလအတွင်းမှာ ကျောင်းတွေပိတ်ထားတော့ ကျောင်းသား၊ ကျောင်းသူ လူငယ်လေးတွေဟာ စာပေနဲ့ထိတွေ့မှုမရှိဘဲ စာအုပ်၊ စာပေတွေနဲ့ ဝေးနေတာ ကြာပါပြီလေ၊ ပြီးတော့ခုခေတ်လူငယ်၊ လူရွယ်လေးတွေက စာဖတ်ရမယ့်အချိန်မှာ စာမဖတ်ဘဲ ဖုန်းတွေနဲ့ဘဲ အချိန်ကုန်ပြီး ဂိမ်းဆော့တာတို့၊ ဖေ့စ်ဘုတ်သုံးတာတွေကို တွေ့နေရတယ်၊ ဖုန်းကြည့်တာထက်စာရင် ခုလိုစာပေဖတ်ရှုတာက ပိုလို့ဗဟုသုတပိုကြွယ်ဝတယ်၊ အသိဉာဏ်လည်းတိုးပွားလာမယ်လို့ ဆရာမ တစ်ယောက်အနေနဲ့ ထင်မြင်မိတယ်ပါတယ်၊ ပြီးတော့ စာအုပ်လာငှားပေးတဲ့ ကျောက်ဖြူခရိုင် ပြန်/ဆက်ကိုလည်း အထူးကျေးဇူးတင်ပါတယ်”ဟု ပြောသည်။
ယင်းသို့ မင်းပြင်ဝန်ထမ်းအိမ်ရာသို့ Mobile Library ကွင်းဆင်းဆောင်ရွက်ခြင်းကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး စာအုပ်၊ စာပေ ငှားရမ်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း ကျောက်ဖြူခရိုင် ပြန်/ဆက် ဦးစီးမှူးထံမှ သိရသည်။
အဆိုပါ မင်းပြင်ဝန်ထမ်းအိမ်ရာစခန်းတွင် (၆)ခန်းတွဲ သုံးထပ် (၃)လုံး၊ (၄)ခန်းတွဲ သုံးထပ်(၄)လုံး၊ (၄)ခန်းတွဲ လေးထပ် (၆)လုံး စုစုပေါင်းအဆောက်အဦ (၁၃) လုံးရှိပြီး အခန်းပေါင်း ၁၉၈ ခန်းရှိကာ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများနှင့်၎င်းတို့၏ မိသားစုဝင် ၈၀၀ ဦးခန့်နေထိုင်လျက်ရှိကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဇူလိုင်ကြယ်