ရပ်စောက် အောက်တိုဘာ ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအား မြို့နယ်ပြည်သူ့ဆေးရုံကြီးနှင့် အခြားကုသရေးစင်တာများတွင် ထားရှိပြီး မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက် ရှိရာ ယမန်နေ့က ပိုးတွေ့လူနာ ၂၂ ဦး ကျန်းမာရေးကောင်းမွန်လာ၍ ဆေးရုံမှဆင်းခွင့် ရရှိကြောင်း သိရသည်။
အဆိုပါဆေးရုံဆင်းခွင့်ရရှိသူများအား ကျန်းမာရေးဦးစီးဌာနမှ မိမိတို့နေအိမ်တွင် ၁၁ ရက် အသွားအလာ ကန့်သတ်နေထိုင် သွားကြရန်မှာကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မဇ္စျိမဂရုဏာရှင်လူမှုကူညီရေး အသင်းတို့မှ ၎င်းတို့၏နေအိမ် အသီးသီးသို့ လိုက်လံပို့ဆောင် ပေးခဲ့ကြောင်းနှင့် ရပ်စောက်မြို့နယ်တွင် ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ (၂၀၇၄) ဦး၊ ဆေးရုံဆင်းခွင့်ရလူနာ (၁၇၇၃) ဦး၊ သေဆုံးလူနာ (၃၄) ဦးနှင့် ဆေးကုသမှု ခံယူလျက်ရှိသူ (၂၆၂)ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကုသရေး ကော်မတီမှ သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)