ရပ်စောက်မြို့နယ်တွင် Stay at home ကာလသတ်မှတ်စည်းကမ်းချက်များနှင့်အညီ သွားလာမှုရှိ/မရှိစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွက်

ရပ်စောက်      အောက်တိုဘာ  ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု လျှော့ကျစေရေးအတွက် Stay at home ကာလသတ်မှတ်စည်းကမ်းချက်များနှင့်အညီ သွားလာမှုရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများကို ယနေ့ နံနက် ၉ နာရီက ရပ်စောက်-ပင်းတယကားလမ်းမပေါ်ရှိ နောင်ဘိုကျန်းမာရေးစစ်ဆေးရေးဂိတ်၌ တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများပူးပေါင်းပါဝင်သည့်ပူးပေါင်းအဖွဲ့သည် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျှော့ကျစေရေးအတွက်  ပြည်သူများနေအိမ်ပြင်ပသို့ အကြောင်းမဲ့ ထွက်ခွာမှု မရှိစေရန်၊ နေအိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်း Mask များကို စနစ်တကျတပ်ဆင်ကြရန်နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ထုတ်ပေးထားသည့် နေအိမ်ပြင်ပထွက်ခွာသွားလာခွင့် ကဒ်ပြားများကိုင်ဆောင်ထားခြင်းရှိ/မရှိ စစ်ဆေးခြင်းများကိုဆောင်ရွက်ခဲ့ကြသည်။

ထို့အပြင် နေအိမ်ပြင်ပထွက်ခွာသွားလာခွင့် ကဒ်ပြားမပါရှိသူများ၊ နှာခေါင်းစည်း Mask တပ်ဆင်သွားလာခြင်းမရှိသူများနှင့် အကြောင်းမဲ့နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးသိန်းဇော်ဝင်းနှင့် တာဝန်ရှိသူများမှ Stay at home ကာလသတ်မှတ်ထားသည့်စည်းကမ်းချက်များနှင့် ကိုဗစ်-၁၉ရောဂါကူးစက်မှု လျော့ကျစေရေး အတွက် လိုက်နာရမည့်စည်းကမ်းချက်များကို အသိပညာပေး ပြောကြားခဲ့ပြီး သတ်မှတ်စည်းကမ်းချက်များကို လိုက်နာမှုမရှိသူများအား ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရဲထက်ဦး(ပြန် /ဆက်)