မန့်ဟီးရိုး အောက်တိုဘာ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် ရည်ရွယ်ကာ အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက ရပ်ကွက်(၁) အတွင်းရှိ မြို့မဈေးအနီးသို့ သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များကစဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မန့်ဟီးဒေသရှိပြည်သူများ လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ရောဂါ အား ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါကို မိမိကစ ကာကွယ်ပါ၊ အတတ်နိုင်ဆုံး အိမ်မှာနေပါ၊ အပြင်ထွက်လျှင် ပါးစပ်နှာခေါင်းစည်း(Mask) တပ်ဆင်ပါ၊ တခြားသူများ၊ မိမိအလုပ် မှရှိသူများနှင့် ခပ်ခွာခွာနေထိုင်လုပ်ကိုင်ပါ၊ မိသားစု၊ ရုံးဝန်ထမ်းများ အချင်းချင်းသတိပေးပါ၊ လူစုလူဝေး ရှောင်ပါ၊ စက္ကန့်(၂၀)ကြာ မကြာခဏလက်ဆေးပေးပါ၊ လေဝင်/ လေထွက် မကောင်းသော အခန်းများသို့ ဝင်ထွက်သွားလာခြင်းသို့ရှောင်ပါ၊ အပြင်ထွက်သူများသည် အိမ်ရှိ သက်ကြီးသူများ၊ ရောဂါ အခံရှိသူများနှင့် နီးကပ်စွာမနေသင့်ပါ၊ ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ဆက်သွယ်၍ ဆေးကုသမှုခံယူပါ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးထိန်းချုပ် နိုင်ရေးအတွက် ဒေသခံ ပြည်သူများမှ လိုက်နာပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် စသည့်အချက်များ အား Hand Speakerဖြင့် အသိပညာပေးနှိုးဆော်ဆောင်ရွက်ခြင်းများကို စဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
စန္ဒာ