ကျောက်မဲမြို့တွင်အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား(ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

ကျောက်မဲ အောက်တိုဘာ  ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် အသက် ၁၈ နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူများအား(ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် မြို့ကျက်သရေဆောင် ခန်းမနှင့် ကွန်ဖြူးရှပ်ကျောင်းတို့၌ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံသူများပြားသောကြောင့် လူစုလူဝေး မဖြစ်စေရန် အတွက် ရည်ရွယ်၍ လူဦးရေ ကန့်သတ်ပြီး  ကာကွယ်ဆေးများကို ထိုးနှံပေးလျှက်ရှိ ရာ ယနေ့တွင် မြို့ကျက်သရေဆောင်ခန်းမ၌ အမှတ် ၁ / ၂ ရပ်ကွက်မှ အသက် ၁၈ နှစ်နှင့်အထက်ပြည်သူများကိုလည်းကောင်း၊  ကွန်ဖြူးရှပ်ကျောင်းတွင် အမှတ် ၃/၄/၅/၆ ရပ်ကွက်တို့မှ အသက် ၁၈ နှစ်အထက် ပြည်သူများကို လည်းကောင်း စုရပ် ၂ နေရာခွဲ၍ ထိုးနှံပေးလျက်ရှိသည်။

ကျန် ရပ်ကွက် ၃ ရပ်ကွက်နှင့် မြို့နှင့်ထိစပ်နေသည့် ကျေးရွာအုပ်စု ၈ အုပ်စုမှ ပြည်သူများကို အဆိုပါ စုရပ် ၂ နေရာတွင် အောက်တိုဘာ ၅ ရက်နေ့နှင့် ၆ ရက်နေ့တို့တွင် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ပြီး မြို့နှင့် အလှမ်းဝေးသည့် ကျေးရွာများသို့ မိုဘိုင်း အဖွဲ့ဖြင့် ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးနေကြောင်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊  မြို့နယ်ကျန်းမာရေးတာဝန်ရှိသူများ ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့က လိုအပ်သည်များကူညီဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)