ဆီဆိုင် အောက်တိုဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများနှင့် အရေးပေါ်လူနာများအား အောက်ဆီဂျင်အရေးပေါ်လိုအပ်မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် စေတနာရှင်၊ အလှူရှင်၊ ပြည်သူများက စုပေါင်း လှူဒါန်းသော အောက်ဆီဂျင်စက်မှာ ဆီဆိုင်မြို့ ဇဝနာရာမစာသင်တိုက်အတွင်း၌ ယနေ့ နံနက်ပိုင်းက စတင်တပ်ဆင်နေပြီဖြစ်ကြောင်း သိရသည်။
ယခုတပ်ဆင်သည့် အောက်ဆီဂျင်စက်သည် 5Nm3/hr အမျိုးအစားဖြစ်၍ ကာလတန်ဖိုးမှာ ငွေကျပ်သိန်း(၆၈၀)တန်ဖိုးရှိပြီး ဆီဆိုင်မြို့ ဇဝနာရာမစာသင်တိုက် ဆရာတော် ဦးကောဝိဒ ဦးစီးဦးဆောင်၍ မြို့မိ၊ မြို့ဖများ၊ စေတနာရှင်၊ အလှူရှင်များ စုပေါင်းမှုဖြင့်ဝယ်ယူခဲ့ခြင်းဖြစ်သည်။ အဆိုပါ အောက်ဆီဂျင် စက်ကို တပ်ဆင်ပြီးစီး၍ လုပ်ငန်းများ စတင်လည်ပတ်နိုင်ပါက တစ်နာရီလျှင် ၄၀လီတာဆန့် (1.25)အိုး ထုတ်လုပ်နိုင်မည်ဖြစ်ကာ တစ်နေ့လျှင် အောက်ဆီဂျင်အိုး အလုံးရေ(၃၀)ထွက်ရှိမည်ဖြစ်ပြီး မြို့နယ်အတွင်း ရှိ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အောက်ဆီဂျင်လိုအပ်မှုများကို အချိန်နှင့်တပြေးညီ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)