မိတ္ထီလာ သြဂုတ်လ ၁၇
စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမြင့်အောင်သည် မိတ္ထီလာမြို့နယ်၊ ရေချိုကျေးရွာရှိ ချည်မျှင်ရှည်ဝါ (ရွှေတောင်-၁၀) အထူးဇုံ ဧက ၅၀ရှိ ဝါစိုက်တောင်သူများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ရေချိုကျေးရွာ ကွင်းအမှတ် (၅၃၅) ရှိ ချည်မျှင်ရှည်ဝါ (ရွှေတောင်-၁၀) အထူးဇုံ ဧက ၅၀ တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်၊ ရေချိုကျေးရွာရှိ ချည်မျှင်ရှည်ဝါ (ရွှေတောင်-၁၀) အထူးဇုံ ဧက ၅၀ ရှိ ဝါစိုက်တောင်သူများနှင့် တွေ့ဆုံရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမြင့်အောင်က ဒေသခံဝါစိုက်တောင်သူများအနေဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဖြန့်ဖြူးသည့် မျိုးကောင်းမျိုးသန့်ဝါမျိုးများကို ဒေသခံဝါစိုက်တောင်သူများအနေဖြင့် မိမိတို့ စိတ်တိုင်းကျရွေးခြယ်စိုက်ပျိုးကြစေလိုကြောင်း၊ ပြည်တွင်းမှ ထွက်ရှိလာသည့် ဝါများကိုကြိတ်ခွဲပြီး ဝါစေ့များကို မျိုးအဖြစ် ပြန်လည်အသုံးပြုနိုင်ကြောင်း၊ နိုင်ငံခြားဖြစ် ဝါမျိုးများသည် စျေးနှုန်းကြီးမြှင့်ကြောင်း၊ အထွက်နှုန်းမှာလည်း ကွားခြားချက်မရှိကြောင်း တစ်ဧကလျှင် ဝါပိဿာ (၆၀၀)မှ (၇၀၀)ထွက်ရှိလျှင် တစ်ဧကဝင်ငွေသည် ငွေကျပ် ရှစ်သိန်းနီးပါးရရှိ၍ စီးပွားရေးလည်း တွက်ချေကိုက်ကြောင်း၊ ၎င်းအပြင် ပိုးမွှားဒဏ်ခံနိုင်ပြီး ရာသီဥတုနှင့် ကိုက်ညီသည့် သီးနှံဖြစ်၍ ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးသင့်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦတိုးမင်း၊ မိတ္ထီလာ ခရိုင်ဦးစီးမှူး ဦးစိုးသိန်းနှင့် မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်းတို့က ရေချိုကျေးရွာရှိ ချည်မျှင်ရှည်ဝါ (ရွှေတောင်-၁၀) အထူးဇုံ ဧက ၅၀ တွင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသည့် ဒေသခံဝါစိုက်တောင်သူများက သိလိုသည်များကိုမေးမြန်းရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမြင့်အောင်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။
မိတ္ထီလာမြို့နယ်တွင် ချည်မျှင်ရှည်ဝါအထူးဇုံအဖြစ် လှည်းပွဲကျေးရွာတွင် ချည်မျှင်ရှည်ဝါ (ရွှေတောင်-၈) အထူးဇုံ ဧက ၅၀ နှင့် ရေချိုကျေးရွာတွင် ချည်မျှင်ရှည်ဝါ (ရွှေတောင်-၁၀) အထူးဇုံဧက ၅၀ တို့ကို ဇူလိုင်လ ပထမပါတ်မှ စတင်စိုက်ပျိုးခဲ့သည်။ ထို့သို့ ချည်မျှင်ရှည်ဝါ အထူးဇုံစိုက်ပျိုးသည့် ဝါစိုက်တောင်သူများအား စိုက်ပျိုးရေးဦးစီးဌာနမှ တစ်ဧကလျှင် ဓါတ်မြေသြဇာ တစ်အိတ်၊ လူးနယ်ဆေးနှင့် ဝါမျိုးစေ့ (၃)ပိဿာတို့ကို အခမဲ့ပေးအပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး မောင်မောင်ငြိမ်းထံမှ သိရသည်။
သိန်းမြင့်ကျော် (မိတ္ထီလာ)