လှည်းကူး ရှမ်းရွာကျေးရွာ၌ (အခမဲ့) ကုသိုလ်ဖြစ်ဆေးခန်း ဖွင့်လှစ်ကုသ

လှည်းကူး အောက်တိုဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ရှမ်းရွာကျေးရွာရှိ အဖြူရောင်ကြယ်တစ်ပွင့် ပရဟိတအသင်းရုံး ယမန်နေ့က (အခမဲ့) ကုသိုလ်ဖြစ်ဆေးခန်း ဖွင့်လှစ်၍ ဒေသခံပြည်သူများကို ဆေးဝါးကုသပေးခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ (အခမဲ့) ဆေးကုသပေးခြင်းများ ဆောင်ရွက်ရာတွင် သွားလာမှုအခက်အခဲရှိသည့် လူနာများကို အသင်းပိုင်မော်တော်ယာဉ် ဖြင့် ကူညီပို့ဆောင်ပေးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်နှင့် အညီ ဆေးကုသရန် လာရောက်သည့် လူနာနှင့် လူနာ စောင့်များကို နှာခေါင်းစည်း တပ်ဆင်စေခြင်း၊ လက်ဆေးခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်စေရေးတို့ကို အဖြူရောင် ကြယ်တစ်ပွင့် ပရဟိတအသင်း ဦးဆောင် (ကျေးလက်ကြယ်တစ်ပွင့်)ဆရာတော် အနီးကပ်လမ်းညွှန်မှုဖြင့် အသင်းသား၊ အသင်းသူ များက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(အခမဲ့)ကုသိုလ်ပြု ဆေးကုသမှုပြုလုပ်ပေးခြင်းကို နံနက် ၉ နာရီမှ ၁၁ နာရီအထိ ၁ ကြိမ်နှင့် မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ ၁ ကြိမ် စုစုပေါင်း(၂)ကြိမ် ကုသပေးခဲ့ပြီး ကျန်းမာရေးမကောင်းမွန်သူ ၆၄ ဦး လာရောက်ဆေးကုသမှု ခံယူခဲ့ကြောင်း သိရသည်။

အဆိုပါ(အခမဲ့)ဆေးကုသပေးခြင်းကို ပထမအကြိမ် စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး ဆေးဝါးကုန်ကျစရိတ် များကို အသင်းနှင့် စေတနာရှင်ပြည်သူများက စုပေါင်းလှူဒါန်း၍ ဒေါက်တာ ကျော်စွာသူ(M.B.B.S)က အခမဲ့ကုသပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)