သံဖြူဇရပ် အောက်တိုဘာ ၄
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို တတိယနေ့အဖြစ် စုရပ်(၇)နေရာခွဲ၍ ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး ထိုးနှံပေး လျက်ရှိရာ ယနေ့အထိ ကာကွယ်ဆေး လာရောက်ထိုးနှံသူဦးရေ(၂၇၃၀)ဦးရှိပြီး ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ဦးဆောင်မှုဖြင့် ဆေးထိုးအုပ်စု(၇)နေရာဖြစ်သည့် အထက(၁)၊ ကျိုက္ခမီကဇာတ်ရုံ၊ ကျုံကဒတ် အထက၊ အနင်းတိုက်နယ် ဆေးရုံ၊ ထင်းရူးတိုက်နယ်ဆေးရုံ၊ ကရုပ္ပိတိုက်နယ် ဆေးရုံနှင့် ဝဲခမိတိုက်နယ်ဆေးရုံတို့တွင် ကျန်းမာရေး ဝန်ထမ်းများက သတ်မှတ် စည်းကမ်းများနှင့်အညီ စနစ်တကျထိုးနှံ ဆောင်ရွက်ပေးလျက်ရှိပြီး ဆေးထိုးစုရပ် များ၌ ကာကွယ်ဆေး လာရောက်ထိုးနှံသူများ စိတ်အေးချမ်းသာစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း ( Volunteer)အဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ပြည်သူများ ကိုဗစ်-၁၉ရောဂါ အန္တရာယ်ကင်းဝေးစေရန်နှင့် ကူးစက်ပြန့်ပွားမှုလျော့ နည်းပပျောက်စေရေး အတွက် ကာကွယ်ဆေး မထိုးနှံရသေးသူများအား ဦးစားပေး အုပ်စုအလိုက် ကာကွယ်ဆေး စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး ဆေးထိုးရန်ကျန်ရှိသည့် ပြည်သူများကိုလည်း သက်ဆိုင်ရာ ဆေးထိုးစုရပ်များအလိုက် မပျက်မကွက် ကာကွယ်ဆေး သွားရောက် ထိုးနှံနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက အသံချဲ့စက်ဖြင့် နေ့စဉ်အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)