ပုဗ္ဗသီရိမြို့နယ်၌ ပထမအကြိမ်မဲဆန္ဒရှင်စားရင်တွင် အမည်မပါဝင်၍ ပုံစံ(၃)ဖြင့် လျှောက်ထားသူ (၅၇၄၇) ဦးရှိ

ပုဗ္ဗသီရိ ဩဂုတ်  ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ရုံးမှ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေး အတွက် ပထမအကြိမ်မဲဆန္ဒရှင်စာရင်းကို  သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ ရုံးများ၌ ဇူလိုင် ၂၅ ရက်နေ့မှ ဩဂုတ် ၁၄ ရက်နေ့ထိ ကပ်ထားကြေညာပေးခဲ့သည်။

ပထမအကြိမ် ကပ်ထားကြေညာခဲ့သည့် မဲစာရင်းများတွင် မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းများအား ဖြည့်စွက်လိုခြင်း၊ ကန့်ကွက်လိုခြင်းနှင့် ပြင်ဆင်လိုခြင်းများအား သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ဩဂုတ် ၁၄ ရက်နေ့ထိ သတ်မှတ်ပုံစံများဖြင့် လျှောက်ထားခဲ့ရာ မဲစာရင်းတွင် မိမိအမည်စာရင်း မပါ၍ထည့်သွင်းရန် ပုံစံ(၃)ဖြင့် လျှောက်ထားသူ ၅၇၄၇ ဦး၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေခြင်းကို ကန့်ကွက်သည့် ပုံစံ(၄) ဖြင့်လျှောက်ထားသူ ၁၆၀၇ ဦး၊ ကိုယ်ရေးအချက်အလက်မှားယွင်း၍ ပြင်ဆင်ရန် ပုံစံ(၄-ဂ)ဖြင့် လျှောက်ထားသူ ၄၉၃၂ ဦးရှိကြောင်း သိရ သည်။

ပုဗ္ဗသီရိမြို့နယ်တွင် ရပ်ကွက်(၁၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၈)အုပ်စုမှ အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးခွင့် ရှိသူ မဲဆန္ဒရှင်စုစုပေါင်း ရှစ်သောင်းဝန်းကျင်ခန့်ရှိပြီး မဲရုံပေါင်း (၇၇)ရုံ လျာထားဖွင့်လှစ် သွားမည် ဖြစ်ကြောင်းနှင့် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလတွင် ထပ်မံကပ်ထားကြေညာ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး မှသိရသည်။

ကံချွန်(ပြန်/ဆက်)