ငါန်းဇွန် အောက်တိုဘာ ၄
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ ရတနဃရသာသနဗိမာန်တော်၌ ယမန်နေ့ နေ့လည် ၂နာရီအချိန်က မြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကိုဗစ်-၁၉ရောဂါကာကွယ်တားဆီးထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အစည်းအဝေးအခမ်းအနားကို စတင် ဖွင့်လှစ်ပြီး ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်တို့မှ ပရိတ်တရားတော် များရွတ်ဖတ်ပူဇော်ကြရာ အခမ်းအနားသို့ တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် အကျိုးတော် ဆောင်များက နာယူကြည်ညိုပူဇော်ကန်တော့ကြသည်။
ထို့နောက် အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ဦးဆောင်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဂန္ထဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တနရပတိနှင့် ဘဒ္ဒန္တ ကုန္တလနန္ဒ (ရန်ကုန်ဆရာတော်)ထံ ဩဝါဒခံယူကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းသိန်းက အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး အကြံပြုလျှောက် ထားသည်။
ဆက်လက်၍ အကျိုးတော်ဆောင် ဦးမြင့်ဇော်က ယခုလက်ရှိ အလှူခံဆောင်ရွက် ထားရှိမှုနှင့် အလှူငွေရရှိထားမှုမှာ စုစုပေါင်း အလှူငွေကျပ်သိန်း(၃ဝ၁၁၇ဝဝဝိ/-) ရှိပြီဖြစ်ကြောင်း တင်ပြလျှောက်ထားပြီး အစည်းအဝေးသို့ ကြွရောက်လာသော ဆရာတော်များက အကြံပြုမြွက်ကြား လျှောက်ထားခြင်းနှင့် ဖိတ်ကြားထားသော မြို့မိမြို့ဖများက အကြံပြုဆွေးနွေး လျှောက်ထားကြသည်။
ယင်းနောက် ဦးဆောင်ဆရာတော် ဘဒ္ဒန္တသောဘိတ(တမာပင်ကျေးရွာ မဟာတိလော ကာရာမ ကျောင်းတိုက်)က ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ဩဝါဒမြွက်ကြားပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်းသိရသည်။
သက်နောင်ဦး(ငါန်းဇွန်)