ဒေါပုံ ဩဂုတ် ၁၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်အတွင်း ရပ်ကွက်များရှိ ပထမအကြိမ်အဖြစ် သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး (HPV)ကို အခမဲ့ထိုးနှံပေးနိုင်ရေးအတွက် ကြိုတင်စာရင်းပေးသွင်းနိုင်ရန် နှိုးဆော်ခြင်းကို ယမန်နေ့မှစ၍ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ လိုက်လံနှိုးဆော်ကြောင်း သိရသည်။
အဆိုပါ HPV (Human Papilloma Virus) ကာကွယ်ဆေးထိုးနှံပေးခြင်းသည် ဒေါပုံမြို့နယ်တွင် ပထမအကြိမ်အဖြစ် စတင်ထိုးနှံ ပေးခြင်းဖြစ်ပြီး ပုံမှန်ကာကွယ်ဆေးထိုးခြင်း အစီအစဉ်များတွင် (၁၃) မျိုးမြောက် ကာကွယ်ဆေးဖြစ်သည်။ အဆိုပါ ကာကွယ် ဆေးကို ထိုးနှံရန် သတ်မှတ်ချက်များတွင် အကျုံးဝင်သည့် ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၁၁ ခုနှစ် သြဂုတ်လအတွင်း မွေးဖွားသူ (သို့မဟုတ်) အသက် (၉)နှစ်ပြည့်မှ အသက်(၁၀)နှစ်အထိ မိန်းကလေးများသာ ထိုးနှံရမည်ဖြစ်ပြီး ၎င်းကာကွယ်ဆေး ထိုးနှံခြင်း ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလအတွင်း ထိုးနှံပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
သဲစုစုလွင်(ပြန်/ဆက်)