သီပေါ အောက်တိုဘာ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင်ကိုဗစ်−၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် သာမက မြို့နယ်အတွင်းရှိ ကျေးရွာများအရောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် သီပေါမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ရောဂါကာကွယ်နိုင်ရန်အတွက်အတတ်နိုင်ဆုံးအိမ်တွင်း၌သာ နေထိုင်ကြရန်၊ ပြင်ပမှဧည့်သည်များ လက်မခံရန်နှင့်အခြားသူများထံသွားရောက်ခြင်းမပြုရန်၊အပြင်ထွက်ပါက ပါးစပ်နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာခဏဆပ်ပြာနှင့် စနစ်တကျစက္ကန့်(၂၀)ကြာ ဆေးကြော ရန်၊ လူထူထပ်သည့်နေရာများသို့ သွားရောက်ခြင်းမှရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း(Mask) မတပ်ဆင်ထား သောသူများနှင့်တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ မိမိနေအိမ် အခန်းများကိုလေဝင်လေထွက်ကောင်းအောင်ပြုလုပ်ထားကြရန်၊ အပြင်မှ ပြန်လာတိုင်း Mask စနစ်တကျ စွန့်ပစ်ရန်၊ သက်ကြီးရွယ်အိုများ၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါအခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာ ပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင်သဖြင့် ဂရုပြုနေထိုင်ရန်၊ ရောဂါကူးစက် ခံရသည်ဟု သံသယရှိပါကနီးစပ်ရာကျန်းမာရေးဌာနသို့ဆက်သွယ်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ရောဂါကာကွယ် တာဆီးထိန်းချုပ်နိုင်ရေးအတွက် ပြည်သူအားလုံးလိုက်နာကြပြီးပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်စသည့် အချက်များအား လိုက်လံအသိပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ယနေ့နံနက်ပိုင်းအထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့ အတည်ပြုလူနာပေါင်း (၁၄၅၀)ဦး ရှိပြီး၊ သေဆုံးသူ(၈၈)ဦးရှိပြီဖြစ်ကြောင်းနှင့် လက်ရှိမြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေသူ (၉၇)ဦး ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ခင်လေး(သီပေါ ပြန်/ဆက်)