အင်းစိန်မြို့နယ်၌ အလုပ်ခွင်တွင် ထိခိုက်ဒဏ်ရာရရှိသူအား ကြက်ခြေနီအသင်း (အင်းစိန်)မှ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးကူညီ စောင့်ရှောက်ပေး

ရန်ကုန် အောက်တိုဘာ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်နေ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကြက်ခြေနီအသင်း(အင်းစိန်)မှ တာဝန်ရှိသူများက ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အကူအညီလိုအပ်သော ပြည်သူများထံ အိမ်အရောက် သွားရောက်၍ ဆောင်ရွက်ပေးလျက်ရှိသည်။

အင်းစိန်မြို့နယ်၌ ယမန်နေ့က ပြည်တော်သာကွန်ကရစ်ဂွေ အလုပ်ရုံအနီး အလုပ်သမားတစ်ဦး ထိခိုက် ဒဏ်ရာရရှိပြီး အသင်းရုံးသို့ ရောက်ရှိလာသဖြင့် ကြက်ခြေနီအသင်း(အင်းစိန်) ဥက္ကဋ္ဌ ဦးစည်သူဇော်၊ တပ်ဖွဲ့မှူး ဦးနီထွန်း၊ စေတနာ့လုပ်အားရှင်များနှင့် တာဝန်ရှိသူများက လူနာအား ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေး လိုအပ်ချက်များကို ကူညီဆောင်ရွက်ခဲ့ပြီး လူနာတင်ယာဉ်ကားဖြင့် လှိုင်သာယာဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

ကြက်ခြေနီအသင်း(အင်းစိန်) အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကိုလည်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် အတူ ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိပြီး ပင်စင်ထုတ်ရက်များတွင် အင်းစိန် မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသူ သက်ကြီးဘိုးဘွားများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက် ရှိကြောင်း သိရ သည်။

ဇွဲထက်ကို(ပြန်/ဆက်)